ဂျပန်နိုင်ငံသို့ အလုပ်သမားစေလွှတ်ခွင့် ပိတ်သိမ်းခံရတဲ့ အေဂျင်စီ ၃၄ ခုရှိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
မူလက ဂျပန်ကို အလုပ်သမားစေလွှတ်ခွင့် ပြုထားတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ ရှိပြီး အေဂျင်စီ ၃၀ ကို လိုင်စင်အပြီးပိတ်သိမ်းကာ နောက် ၄ ခုကို ယာယီပိတ်သိမ်းထားတာကြောင့် အခုဆို စေလွှတ်ခွင့်ရထားတဲ့ အေဂျင်စီ ၂၆၆ ခုသာ ကျန်ရှိပါတယ်။
အခုလို စေလွှတ်ခွင့်ပိတ်သိမ်းခံထားရတဲ့ အေဂျင်စီနဲ့ ဆက်လက်စေလွှတ်ရရှိထားတဲ့ အေဂျင်စီတွေရဲ့ အမည်စာရင်းကိုလည်း ထုတ်ပြန်ထားပါတယ်။
အေဂျင်စီ ၃၄ ခု ကို ဘာကြောင့်နဲ့ ဘယ်တုန်းက အလုပ်သမားစေလွှတ်ခွင့် ပိတ်ထားတယ် ဆိုတာကိုတော့ ရှင်းလင်းဖော်ပြထားတာမရှိပါဘူး။
ဂျပန်နိုင်ငံကို မကြာခင် အလုပ်သမားစေလွှတ်ခွင့်ရတော့မှာ ဖြစ်လို့ သွားရောက်လုပ်ကိုင်မယ့်သူတွ မှားယွင်းဆက်သွယ်မိတာမျိုး မရှိအောင် ထုတ်ပြန်တာဖြစ်နိုင်တယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်ကတည်းက ဂျပန်နိုင်ငံက မြန်မာအလုပ်သမားတွေကို ခေါ်ယူမှု ရပ်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူ့နိုင်ငံမှာ လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ဖို့ အလုပ်သမားလိုအပ်ချက်တွေရှိတာကြောင့် မတ်လလောက်မှာ မြန်မာအလုပ်သမားတွေ ပြန်လည်ခေါ်ယူခွင့်ပေးဖို့ရှိနေတယ်လို့လည်း ဂျပန်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။