DVB Logo
Home
မြန်မာသတင်း
မင်းကင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးသူ များပြား
DVB
·
February 21, 2022
မင်းကင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးသူ များပြား
Donate to DVB

မုံရွာ-ကလေးဝကားလမ်းအတိုင်း တောင်တွင်းဒေသ အထက်ပိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်အင်အား ၁၀၀ လောက်နဲ့ ကားလမ်းမိုင်တိုင်အမှတ် ၆၈ မိုင်မှာ ဒေသခံ PDF ပူးပေါင်းတပ်တွေ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

မင်းကင်းမြို့နယ်၊ ကြာပင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကြာပင်ရွာက စတင်ထွက်ခွာလာပြီး လမ်းတစ်လျှောက် ရွာခြင်းဆက်လမ်းတွေနဲ့ ကားလမ်းမပေါ်အတိုင်း ချီတက်ခဲ့ပြီး လက်ပန်တောရွာ ဘုန်းကြီးကျောင်းတွင်တစ်ည၊ ထုံးကြီးရွာစာသင်ကျောင်းမှာတစ်ည၊ စစ်လျှင်ချောင်းရွာ ဘုန်းတော်ကြီးကျောင်းမှာ တစ်ည ညအိပ်နားခဲ့ကြပြီး ကျေးရွာတွေက ဈေးဆိုင်တွေ၊ နေအိမ်တွေကို သော့ဖျက်ပြီး ပစ္စည်းတွေ၊ ရွှေငွေတွေ ယူဆောင်သွားကြကာ ကြက်တွေကိုလည်း သတ်စားသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်ပိုင်း မိုင်တိုင်အမှတ် ၆၈ မိုင် အနောက်ဘက်မှာ တောင်တွင်းဒေသခံ PDF နဲ့ လာပို့ (ကနီမြို့နယ်) PDF ပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၈ ဦး သေဆုံးခဲ့တယ်လို့ တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ PDF တပ်ဖွဲဝင်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့က သူတို့တက်လာတာကြားကတည်း သူတို့လာရာလမ်းကြောင်းမှာ အသင့်စောင့်ပြီး မိုင်းဆွဲတိုက်ခိုက်တာ ၁၈ ယောက်လောက်က နေရာမှာပဲ ပွဲချင်းပြီးသေတယ်။ အထိနာသွားတော့ ဆက်မတက်တော့ပဲ နောက်ကြောင်းပြန်အဆုတ်မှာ နောက်က တောက်လျှောက်လိုက်ပြီးတော့ ပူးပေါင်းအဖွဲ့တွေနဲ့ အချိတ်အဆက်မိမိနဲ့ စစ်လျှင်ချောင်းရွာ မရောက်ခင်မှာ နှစ်ဖက်ညှပ်ပြီး ထပ်ပစ်ကြတာ အဲဒီမှာလည်း သူတို့ဘက်က ထပ်ကျတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ တစ်ချို့က တောင်ဝှေးနဲ့ တွဲလျှောက်သွားကြရတဲ့သူတွေလည်း မြင်နေရတယ်။” 

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရှေ့ဆက်ချီတက်ခြင်း မပြုတော့ဘဲ လာရာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာလာရာ စစ်လျှင်ချောင်းရွာမရောက်ခင် ၄ ဖာလုံခန့်အကွာမှာ မင်းကင်းကနေ စစ်ကူလာတဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကို တောင်းတွင်းဒေသ PDF၊ မင်းကင်း PDF၊ ဆယ်ရွာ (ကနီမြို့နယ်) PDF တပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲမှာ PDF ဘက်က ထိခိုက်ကျဆုံးတာမရှိဘဲ ဒေသခံ စစ်လျှင်ချောင်းရွာသားတစ်ဦးကတော့ ဦးခေါင်းနဲ့ ပေါင်မှာ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် ချီတက်ရာ လမ်းတစ်လျှောက်က ဒေသခံတွေ ၇၀၀၀ လောက် ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး တိုက်ပွဲတွေ ထပ်မံဖြစ်ပွားမှာနဲ့ ကျေးရွာတွေ မီးရှို့ခံရမှာကို စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီတပ်ဟာ သုံးလတစ်ကြိမ် ကနီမြို့နယ်၊ လာပို့ရွာရှိ  ဆက်သွယ်ရေးအစောင့်တပ်ဆီ ရိက္ခာသွားပို့လေ့ရှိပြီး ဆိုင်တွေက ဆန်၊ ဆီနဲ့ အစားအသောက်တွေ အတင်းယူဆောင်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာကလည်း အခုလို တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကားလမ်းဘေးရှိ ဈေးဆိုင်တွေ၊ လူနေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013