DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းသမားများကို ချက်ချင်းလွှတ်ပေးရန် ယူကေနှင့် နယ်သာလန်အစိုးရ တိုက်တွန်း
DVB
·
May 3, 2026
ဖမ်းဆီးခံသတင်းသမားများကို ချက်ချင်းလွှတ်ပေးရန် ယူကေနှင့် နယ်သာလန်အစိုးရ တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံအတွင်း ဖမ်းဆီးထားတဲ့ သတင်းသမားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ သတင်းမီဒီယာတွေ လွတ်လပ်စွာ သတင်းရေးသားခွင့်ရရှိဖို့ ယူကေနဲ့ နယ်သာလန်အစိုးရက ကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဖြစ်တဲ့ မေ ၃ ရက် ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်မှုအညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံဟာ အဆင့် ၁၆၆ မှာ ရှိနေပြီး စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေဟာ “အလွန်အမင်း ဆိုးရွားပြင်းထန်တဲ့” အဆင့်ကို ရောက်ရှိနေပါတယ်။

စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံမှာ သတင်းသမားပေါင်း ၂၂၀ ကျော် ဖမ်းဆီး အရေးယူခံခဲ့ရပြီး ၄၇ ယောက်ကတော့ ဒီနေ့အထိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက သတင်းသမားတွေဟာ နေ့စဉ်နဲ့အမျှ နှောင့်ယှက်မှု၊ ဖမ်းဆီးခံရမှုနဲ့ အသက်အန္တရာယ်တွေကို ရင်ဆိုင်နေရပေမဲ့ ပြည်သူတွေဆီ သတင်းမှန်ရောက်ရှိစေဖို့ ခိုင်မာတဲ့ ကတိကဝတ်နဲ့ ဆက်လက်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ယူကေအစိုးရဟာ Media Freedom Coalition (MFC) ရဲ့ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံဆိုင်ရာ MFC သံရုံးကွန်ရက် အပါအဝင် ကမ္ဘာအနှံ့က မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပံ့ပိုးပေးဖို့နဲ့ သတင်းသမားတွေကို ကာကွယ်ပေးဖို့ ဆက်လက်ဦးဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းမီဒီယာတွေအနေနဲ့ လွတ်လပ်စွာ သတင်းရေးသားခွင့် ရှိရမှာဖြစ်သလို ဖမ်းဆီးခံထားရသူ အားလုံးကိုလည်း ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမယ်လို့ ယူကေအစိုးရက အလေးအနက် တောင်းဆိုကြောင်း ထုတ်ပြန်ထားတယ်။

နယ်သာလန်အစိုးရကလည်း မြန်မာနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ ဖိအားများစွာနဲ့ ရင်ဆိုင်နေရပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ အမှီအခိုကင်းတဲ့ မီဒီယာတွေ ပိတ်သိမ်းလိုက်ရတာ၊ နိုင်ငံကနေ ထွက်ခွာသွားရတာတို့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

သတင်းထောက်တွေနဲ့ မီဒီယာလုပ်ငန်း လုပ်ကိုင်နေသူတွေဟာ သူတို့အလုပ်ကို လုပ်ကိုင်ရုံနဲ့ ခြိမ်းခြောက်ခံရတာ၊ ဖမ်းဆီးခံရတာတွေနဲ့ ကြုံနေရပြီး မကြာခင်ကလည်း ချင်းပြည်နယ်က တိုင်းရင်းသားမီဒီယာတွေ အပါအဝင် လွတ်လပ်တဲ့ မီဒီယာတွေရဲ့ ထုတ်ဝေခွင့်လိုင်စင်တွေ ရုပ်သိမ်းလိုက်တဲ့ သတင်းတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီနှစ်အစောပိုင်း လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ သတင်းသမားတချို့ လွတ်မြောက်လာခဲ့တာကို အသိအမှတ်ပြုပေမဲ့ အကျဉ်းထောင်တွေမှာ ဆက်လက်ထိန်းသိမ်းခံနေရဆဲ သတင်းသမားတွေနဲ့ မီဒီယာလုပ်သားအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တိုက်တွန်းထားပြီး နယ်သာလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဆက်လက်ပံ့ပိုးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013