
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်၊ အထောင်မြို့မှာ နှစ်ရက်အတွင်း အမျိုးသားလူငယ် ၁၀ ဦး ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်ညပိုင်းက လျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံ ၁၀ ဦး ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“လျှပ်စစ်ရုံးမှာ ဗုံးပေါက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကလေးတွေ အဖမ်းခံရတယ်။ နှစ်ရက်ရှိပြီ လူငယ်အမျိုးသား ၁၀ ယောက်လောက် အဖမ်းခံထားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လျှပ်စစ်ရုံး ဗုံးပေါက်ကွဲတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၆ နဲ့ ၁၇ ရက်တွေမှာ လူငယ် ၁၀ ဦး ထက်မနည်းကို စစ်ကောင်စီက လိုက်လံ ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျုံပျော်မြို့နယ် ရဲစခန်းမှာ ထားရှိတယ်လို့ ဆိုပါတယ်။
“ဗုံးပေါက်ကွဲခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေးအရ သံသယရှိလို့ ဖမ်းဆီးစစ်ဆေးနေတာ” လို့ ကျုံပျော်မြို့မရဲစခန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အထောင်မြို့ လျှပ်စစ်ရုံး ဗုံးဖောက်ခွဲတာကို ကျုံပျော် မြို့ပြပျောက်ကြားအဖွဲ့က ပြုလုပ်တာလို့ ထုတ်ပြန်ထားပါတယ်။
အထောင်မြို့ လျှပ်စစ်ရုံးမှာ ဖေဖော်ဝါရီ ၁၁ ရက် ည ၈ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လျှပ်စစ်ရုံး ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ပြီးခဲ့တဲ့ လပိုင်းကလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ခုတကြိမ်နဲ့ဆို ၃ ကြိမ်ရှိပြီဖြစ်ပြီး အရင်ကတော့ ဗုံးပေါက်တာနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရတာ မရှိခဲ့ဘူးလို့ သိရပါတယ်။