
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်ဘေးရှောင် အမျိုးသမီးတယောက် မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးသွားတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေ ဆီက သိရပါတယ်။
သေဆုံးသူမှာ လေးမျက်နှာမြို့နယ်၊ ရခိုင်ရိုးမအစပ် ရေဖြူကျေးရွာမှာ ရောက်ရှိ နေထိုင်တဲ့ အသက် ၄၀ ကျော်အရွယ် ဒေါ်လှထွေးဖြစ်ပြီး ဇွန် ၂၃ ရက် နေ့လယ်က ရေဖြူကျေးရွာအနီးမှာ မြေမြှုပ်မိုင်း နင်းမိတာကြောင့် သေဆုံးသွားတာလို့ ဆိုပါတယ်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူတယောက်က “တောစပ်က ခြံဝင်းထဲမှာ မြေမြှုပ်မိုင်း နင်းမိတာ။ မှိုသွားခူးရင်း ဖြစ်တာလို့ သိရတယ်။ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေနဲ့ တခါတည်း သေဆုံး သွားတာ။ သူက စစ်ဘေးရှောင် တယောက်ပါ။ သစ်ဖြူရွာမှာပဲ နေတာ” လို့ ပြောပါတယ်။
မြေမြှုပ်မိုင်း နင်းမိတာကြောင့် သေဆုံးသွားတဲ့ အမျိုးသမီးဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်က စစ်ရှောင် တယောက်ဖြစ်ပြီး ၂၀၂၅ ခုနှစ်လောက်ကတည်းက စစ်ရှောင်ဖို့ ရောက်နေတဲ့သူ ဖြစ်တယ် လို့ ဆိုပါတယ်။
မြေမြှုပ်မိုင်း ပေါက်ကွဲတဲ့နေရာဟာ ၂၀၂၆ ခုနှစ် မတ်လက စစ်အာဏာရှင် တပ်သားတွေ လာရောက် ယာယီစခန်းချခဲ့တဲ့ နေရာဖြစ်ပြီး အရပ်သားတွေ ထင်းခုတ်၊ လယ်ယာလုပ်ဖို့ ဖြတ်သန်းသွားလာ နေကြနေရာ ဖြစ်တယ်လို့ သိရပါတယ်။










