
ဂျပန်နဲ့ တောင်ကိုရီးယားရောက် မြန်မာလုပ်သားတွေ ပြည်တွင်းကို ခွင့်နဲ့ပြန်ဖို့အတွက် ကောက်ခံတဲ့ ထောက်ခံစာကြေးကို လျှော့ချသတ်မှတ်ကြောင်း စစ်အာဏာရှင်သံရုံးက ကြေညာပါတယ်။
ခွင့်ပြန် အလုပ်သမားတွေကို သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့ စစ်အာဏာရှင်ရဲ့ သံရုံးတွေဆီကနေ ထောက်ခံစာ ယူလာရမယ်လို့ သတ်မှတ်ချက် ထပ်တိုးထုတ်ပြန်လိုက်ပြီးနောက် ပေးသွင်းရမဲ့ ထောက်ခံစာကြေး အသီးသီးကို အသိပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ပြည်ပက ခွင့်ပြန်အလုပ်သမားတွေကို မေလကစပြီး ထောက်ခံစာ ယူလာရမယ်လို့ သတ်မှတ်ထားတာဖြစ်ပြီး ဆိုးလ်နဲ့ တိုကျိုမြို့တို့မှာရှိတဲ့ သံရုံးတွေက ကောက်ခံတဲ့ နှုန်းထားကို ၃ လအကြာမှာ လျှော့ချကောက်ခံမှာ ဖြစ်ကြောင်း ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်လာတာပါ။
ဂျပန်မှာရှိတဲ့ စစ်အာဏာရှင် သံရုံးက အရင် ထောက်ခံစာကြေး ယန်းငွေ ၃,၀၀၀ သတ်မှတ်ထားတာကနေ ဩဂုတ် ၁ ရက်ကစပြီး ယန်း ၁,၀၀၀ ကောက်ခံမယ်လို့ ဆိုထားပြီး၊ ကျပ်ငွေတန်ဖိုးအရဆိုရင် ကျပ် ၅၀,၀၀၀ လောက် လျော့နည်းသွားတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားရှိ စစ်အာဏာရှင်သံရုံးကလည်း ဝမ်ငွေ ၄၀,၀၀၀ သတ်မှတ်ထားတာကို ဝမ် ၉,၀၀၀ ပြောင်းလဲကောက်ခံမှာလို့ အသိပေးထားတာကြောင့် ထောက်ခံစာတစောင်အတွက် ကျပ် ၉၀,၀၀၀ သက်သာသွားမဲ့ အခြေအနေ တွေ့ရပါတယ်။
တောင်ကိုရီးယားရောက် မြန်မာလုပ်သားတယောက်က “ထောက်ခံစာကြေးက ယူစရာကို မလိုတာကို နှုန်းထားလျှော့ပေးလို့လည်း အထူးတလည် ကျေးဇူးတင်စရာ အကြောင်းမရှိဘူး။ တကျပ်တပဲ ပေးရလည်း စစ်အုပ်စုအတွက်ပဲ ဖြစ်တာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်က ပြည်ပရောက် မြန်မာလုပ်သားတွေဆီကနေ ဝင်ငွေခွန် ကောက်ယူနေသလို၊ နိုင်ငံခြားငွေ ရရှိအောင် မိသားစုဆီ တရားဝင် ငွေလွှဲပို့ဖို့ ဖိအားပေး အကျပ်ကိုင်နေတဲ့ကြားက အလုပ်သမားတွေ ပြည်တွင်းကို ခွင့်နဲ့ပြန်ဖို့အရေး သံရုံးကို ပိုက်ဆံထပ်ပေးပြီး ထောက်ခံစာ ယူခိုင်းတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။










