DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီအား ဖယ်ရှားမှသာ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်နိုင်မည်ဟု မွန်အတိုင်ပင်ခံကောင်စီ ကြေညာ
DVB
·
February 16, 2022
အကြမ်းဖက်စစ်ကောင်စီအား ဖယ်ရှားမှသာ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်နိုင်မည်ဟု မွန်အတိုင်ပင်ခံကောင်စီ ကြေညာ
1 / 3
Donate to DVB

တိုင်းရင်းသားပြည်သူအားလုံး လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်နိုင်ဖို့အတွက် မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီအား ဖယ်ရှားပြီးမှသာလျှင် ပြုလုပ်နိုင်မှာဖြစ်တယ်လို့ မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီကလည်း  ဒီကနေ့ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတု မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။

ဒီတော်လှန်ရေးကြီးမှာ မိမိတို့မွန်လူမျိုးတွေအနေနဲ့ တတ်နိုင်တဲ့ အခန်းကဏ္ဍမှနေပြီး တိုင်းရင်းသား လက်နက်ကိုင်တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ အတူတကွ လက်တွဲကာ အကြမ်းဖက် စစ်ကောင်စီအားဆန့်ကျင် တော်လှန်ဖို့လည်း တိုက်တွန်းထားပါတယ်။ 

မင်းအောင်လှိုင်ဦးဆောင်တဲ့  အကြမ်းဖက်စစ်ကောင်စီဟာ  တိုင်းရင်းသားပြည်သူတွေ အထိုက်အလျှောက် ရရှိနေပြီးဖြစ်တဲ့ ဒီမိုကရေစီအသီးအပွင့်ကို ရိုက်ချိုးဖျက်ဆီးလိုက်တာကြောင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးမှ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် နည်းအမျိုးမျိုးနဲ့ တော်လှန်ရုန်းကန် တိုက်ပွဲဝင်နေကြရကြောင်းလည်း  မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ထားပါတယ်။

မွန်တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီကတော့  လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်အပေါ် အခိုင်အမာဆက်လက်ရပ်တည်လျက်ရှိပြီး  တဖက်မှာလည်း နိုင်ငံရေးဆွေးနွေးရေးအရ ဆွေးနွေးအဖြေရှာမှုများအတွက်လည်း တံခါးဖွင့်ထားကြောင်း ထုတ်ပြန်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ရဲ့ အနှစ်သာရကို ဆုပ်ကိုင်ထားပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာအဖြေရှာရေး၊ နိုင်ငံရေးဆွေးနွေးပွဲမှာ သက်ဆိုင်သူအားလုံး ပါဝင်ရေး၊ အရပ်သားတွေကို အကာအကွယ်ပေးရေး အချက်တွေကို ခိုင်မာစွာဆုပ်ကိုင်ပြီး ဘဝတူတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေနဲ့  လက်တွဲကာ  နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကို ရှေ့ဆက်ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

ယနေ့နိုင်ငံရေးပြဿနာဟာ အနေအထားသစ်တစ်ရပ်သို့ ရွေ့လျားပြောင်းလဲရောက်ရှိနေပြီး Stakeholder သစ်တွေလည်း ပေါ်ပေါက်လာတဲ့အတွက် နိုင်ငံရေးဆွေးနွေးမှုပုံစံ အခင်းအကျင်းသစ် တရပ်ရပ်ကို တောင်းဆိုလာနေကြောင်း ဒီကနေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက် မွန်အမျိုးသားနေ့မှာ မွန်ပြည်သစ်ပါတီ NMSP က သဘောထားထုတ်ပြန်ပါတယ်။ 

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းရမှာဖြစ်ပေမဲ့ လက်ရှိအချိန်မှာ  လက်နက်ကိုင်တိုက်ပွဲသဏ္ဌာန် အရှိန်အဟုန်မြင့်တက်နေတဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲ အလားအလားနည်းနေသေးကြောင်း မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် နှစ်ပေါင်း (၇၀) ကျော် အသက်သွေးချွေးပေးအပ်ပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့  မွန်လူမျိုးတို့အား ဦးညွှတ်ဂုဏ်ပြုပါကြောင်းနဲ့ နွေဦးတော်လှန်ရေးမှာ ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ မွန်ပြည်သူတွေ၊ မွန်လူငယ်တွေ၊ မွန်အမျိုးသမီးတွေ၊ မွန်ကျောင်းသားတွေကို အထူးပင် ဦးညွတ်ဂုဏ်ပြုပါကြောင်း  ဒီကနေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် သဝဏ်လွှာကို ပေးပို့ ပြောဆိုလိုက်ပါတယ်။

မွန်အမျိုးသားနိုင်ငံရေးအင်အားစုတွေဟာလည်း တခြားသောတိုင်းရင်းသား ပြည်သူတွေနဲ့အတူ စစ်အာဏာရှင်စနစ်အောက်မှ ပြည်သူ့ဘဝလွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး၊ တန်းတူညီမျှရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး စတဲ့ နိုင်ငံရေးဦးတည်ချက်တွေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ဘဝ လွတ်မြောက်ရေးအတွက် စုစည်းလက်တွဲပြီး ဆောင်ရွက်နေတာ တွေ့ရကြောင်းလည်း NUG ရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။ 

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST ကလည်း ဒီကနေ့အထိ မပြီးဆုံးသေးပဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလမ်းခရီးမှာ မွန်အမျိုးသားတွေအနေနဲ့ ညီနောင် တိုင်းရင်းသားတွေနဲ့တူ လက်တွဲမြဲမြံစွာ မဆုတ်မနစ် ကြိုးပမ်းချီတက်မယ်လို့ ယုံကြည်ကြောင်း စိန်ရတုမွန်အမျိုးသားနေ့အတွက် ပေးပို့တဲ့ ဂုဏ်ပြုသ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။ 

ဒီကနေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက်မွန်အမျိုးသားနေ့ အထိမ်းအမှတ်ပွဲတွေကို ရန်ကုန်အပါအဝင်  မွန်ပြည်နယ်၊ ကျိုက်မရော၊ ရေး၊ ပေါင် စတဲ့မြို့တွေမနဲ့ မွန်ပြည်သစ်ပါတီဌာနချုပ်မှာ ကျင်းပခဲ့ကြပါတယ်။ 

Photo- Mon Traditional Culture

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013