DVB Logo
Home
မြန်မာသတင်း
ဧည့်စာရင်းစစ်မည့်သတင်းကြောင့် စစ်တွေက စစ်ဘေးရှောင်များ စိုးရိမ်နေ
ကေခိုင်
·
May 12, 2026
Photo: DVB
Photo: DVB
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ  စစ်အာဏာရှင်လက်အောက်ခံ ဝန်ကြီးချုပ်အသစ် တက်ပြီးနောက်ပိုင်း ရက်ပေါင်း ၉၀ အတွင်းမှာ ဧည့်စာရင်းတွေကို တင်းကျပ်စွာစစ်ဆေးမယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်တွေမြို့ရှိ သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေ စိုးရိမ်ထိတ်လန့်နေတယ်လို့  စစ်ဘေးရှောင်တွေနဲ့ စခန်းတာဝန်ရှိသူတွေဆီက သိရပါတယ်။

ဧပြီ ၆ ရက်က စစ်အာဏာရှင်ဟာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ဖို့ ကြံ့ခိုင်ရေးအမတ် ဦးနိုင်ဦးကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ မေလ ပထမပတ်ကစတင်ပြီး စစ်ဘေးရှောင်စခန်းတွေကို ဧည့်စာရင်းဝင်စစ်ကာ စခန်းခေါင်းဆောင်တွေနဲ့ ဆရာတော်တွေရဲ့ ဖုန်းတွေကို သိမ်းဆည်းခဲ့သလို ဧည့်စာရင်း ထပ်မံစစ်ဆေးမယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ ပိုပြီး စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဆိုပါတယ်။

စစ်‌ရှောင်စခန်း တာဝန်ခံတယောက်က “ဝန်ကြီးချုပ်သစ် တက်ပြီးနောက်ပိုင်း ရက်ပေါင်း ၉၀ အတွင်း ဧည့်စာရင်းစစ်မှာ ရှိတယ်လို့ ပြောတယ်။ ဘယ်နေ့လဲတော့ အတိအကျမသိသေးဘူး၊ ဒါပေမဲ့ အချိန်မရွေး ရောက်လာနိုင်တယ်။ စိုးရိမ်ရတာတွေကတော့ အများကြီးပါ။ သူတို့ လာစစ်ရင်လည်း ဘာမှရှင်းပြပိုင်ခွင့်မရှိဘူး။ သူတို့အမိန့်အာဏာအောက်မှာ ဒီအတိုင်းနေနေရတာပါပဲ။ ဒါ မှားတယ် မှန်တယ် ပြောပိုင်ခွင့်မရှိဘူး။ သူတို့သဘောမကျရင် ဆွဲခေါ်သွားတာပဲ။ ပြီးတော့ ဘယ်အဖွဲ့အစည်းက ဆိုတာတောင် မေးပိုင်ခွင့်မရှိဘူး။ ALP လာစစ်လိုက်၊ စစ်တပ် လာစစ်လိုက်၊ ရဲက လာစစ်လိုက် အဲဒီလိုမျိုး အဖွဲ့တွေ များနေတာ။ ဘယ်အဖွဲ့က လာစစ်သွားမှန်းတောင် မရှိဘူး။ ဘယ်အဖွဲ့အစည်းကလဲလို့ မေးရင်လည်း ‘ခင်ဗျားက ဘာကောင်လဲ၊ ဘာအတွက်မေးတာလဲ’ ဆိုပြီး ရန်ပြန်လုပ်တာတွေလည်း ရှိတယ်။ ဒါတွေကြောင့် ဘာမှလည်း ပြန်မမေးရဲဘဲ သူတို့ ပြောသမျှ နာခံနေရတာပေါ့၊ မလိုက်နာရင်လည်း သူတို့ဖမ်းခေါ်သွားမှာ စိုးရိမ်ရတယ်လေ”လို့ ပြောပါတယ်။

စစ်တွေမြို့ရှိ စစ်ဘေးရှောင်အခြေအနေတွေကို သတင်းမီဒီယာတွေကို ပေးပို့တာနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြောဆိုဆက်ဆံနေတာတွေ ရှိ၊ မရှိ သိရှိနိုင်ဖို့အတွက် ခုလို စစ်ဆေးတာပါလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒါ့အပြင် ဧည့်စာရင်းစစ်ဆေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ဘေးရှောင်တွေကို ဖမ်းဆီးတာ၊ တက်တူးထိုးထားသူတွေကို ပစ်မှတ်ထားဖမ်းဆီးတာနဲ့ ဖမ်းဆီးခံရသူတွေကိုလည်း ငွေနဲ့ပြန်ရွေးခိုင်းတာ ရှိနေတယ်လို့ သိရပါတယ်။

တဖက်မှာလည်း ဖမ်းဆီးခံရသူတွေဟာ စစ်တပ်အတွင်း အဓမ္မ ခိုင်းစေခံနေရတာတွေလည်း ရှိနေတယ်လို့  စစ်ဘေးရှောင်တယောက်က ပြောပါတယ်။

“ဧည့်စာရင်းစစ်တာက မကြာခဏဆိုသလို ရှိနေတာပါ၊ ရှောင်တခင် စစ်တာမျိုးတွေပေါ့၊ ဖမ်းတာတွေလည်းရှိတယ်၊ ဘုန်းကြီးကျောင်းတွေကို အဓိကထားပြီး ဧည့်စာရင်းစစ်လာကြတယ်။ စစ်တပ်၊ ရဲတွေက ဖမ်းခေါ်သွားရင်လည်း စစ်တပ်ထဲခေါ်သွားပြီးတော့ အလုပ်ခိုင်းတာတွေလည်း ရှိပါတယ်၊ ပြီးရင် ပိုက်ဆံနဲ့ လာရွေးခိုင်းတာလည်းရှိပါတယ်။ ပိုက်ဆံမတတ်နိုင်တော့ မရွေးနိုင်လို့ အဖမ်းခံလိုက်ရတာလည်းရှိပါတယ်။ ဖမ်းသွားပြီဆိုရင်လည်း လုံးဝတွေ့ခွင့်မရှိတော့ဘူးပေါ့နော်။”

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ဗျိုင်းဖြူရွာအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က အတင်းအဓမ္မ နှင်ထုတ်ခံခဲ့ရတဲ့ ဒေသခံ ၁၀,၀၀၀ နီးပါးဟာ စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၅၀ ကျော်မှာ  ယာယီခိုလှုံနေကြရတာပါ။

ဒါပေမဲ့ လက်ရှိမှာတော့ စစ်ဘေးရှောင်သောင်းချီဟာ စစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှု၊ ဖမ်းဆီးငွေညှစ်မှု၊ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေအပြင် အသက်အန္တရာယ်ပါ စိုးရိမ်နေရတဲ့အခြေအနေထိ ရောက်ရှိနေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013