
အဆိုးရွားဆုံး ရေဘေးအခြေအနေနဲ့ ကြုံတွေ့နေရတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ကို သွားရောက်ကူညီတဲ့ ရေဘေးကူညီရေးကားတစီး ဒီနေ့ ဩဂုတ် ၄ ရက် မနက်အစောပိုင်းက တိမ်းမှောက်ပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့မနက် ၈ နာရီဝန်းကျင်က လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာနဲ့ ခမောက်စု ကျေးရွာကြားမှာ ရေဘေးကူညီရေးကားတစီး တိမ်းမှောက်ခဲ့တာဖြစ်ပြီး ယာဉ်ပေါ်မှာ လိုက်ပါလာသူတွေထဲက ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာပါ။
ဟင်္သာတခရိုင် လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က “အသင်းကို ဖုန်းဆက်လာလို့ နီးစပ်ရာအသင်းတွေနဲ့ ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ အဆင်ပြေသွားတယ်လို့ ပြောပါတယ်” လို့ ပြောပါတယ်။
အခင်းဖြစ်နေရာကို ယုန်သလင်း သက်တန့်ရောင်အဖွဲ့နဲ့ ခမောက်စု လူမှုကူညီရေးအသင်းတို့က အရေးပေါ်ကယ်ဆယ်ရေးယာဉ် ၃ စီး ထွက်ခွာကာ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ဟင်္သာတခရိုင် လူမှုကူညီရေးအသင်းထံက သိရပါတယ်။
လေးမျက်နှာရေဘေးကြောင့် လူပေါင်း ၂၀,၀၀၀ ဝန်းကျင် ရေဘေးသင့်နေပြီး မိုးစပါးစိုက်ဧက သိန်းနဲ့ချီ ရေဝင်နစ်မြုပ်နေပါတယ်။
လတ်တလောမှာ ရေဘေးကြုံနေရတဲ့ လေးမျက်နှာမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်ဖို့ လိုအပ်နေဆဲဖြစ်ပြီး ရေမြုပ်ဧရိယာ ဆက်ပြီးတိုးလာနေတဲ့ အခြေအနေ ဖြစ်ပါတယ်။
လက်ရှိမှာ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ဧရိယာ ပိုမိုကျယ်ပြန့်လာကာ အနီးပတ်ဝန်းကျင် မြို့နယ်များအထိပါ ရိုက်ခတ်မှုရှိလာတာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားသင့်တယ်လို့ နယ်မြေခံ လူမှုကူညီရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
Photo: ဒေသခံ










