ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ မြစိမ်းရောင်စီမံကိန်းငွေ ကျပ်သိန်း ၁၆၀ ကို စစ်ကောင်စီတပ်က ခိုးယူသွာတယ်လို့ CNO/CNDF က ဖေဖော်ဝါရီလ ၁၅ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဖလမ်းမြို့နယ်၊ လှာန်ဇောလ်ရွာသားတွေ တောင်ယာထဲမှာ ဝှက်ထားတဲ့ မြစိမ်းရောင်ကျေးလက်စီမံကိန်းငွေ ကျပ်သိန်း ၁၆၀ ကို ခိုးယူသွားတာလို့ CNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေရှိ အဖိုးတန်ပစ္စည်းတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ခိုးယူကြသလို ထင်းရှူးစခန်းနားမှာ ပြည်သူတွေမွေးမြူထားတဲ့ ငါးကန်ကိုလည်း စစ်ကောင်စီတပ်တွေက ဖျက်ဆီး သွားကြတယ်လို့ ဆိုပါတယ်။
ဖလမ်းမြို့နယ်မှာ ဖေဖော်ဝါရီ ၁၂ ရက်က ခလရ ၂၆၈ ကို ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို CNDF တပ်ဖွဲ့က ပဒေသာမိုင်း အလုံး ၂၀ ထောင်ပြီး တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။
ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးဒဏ်ရာရတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။