DVB Logo
Home
မြန်မာသတင်း
လွိုင်ကော် ပကြဲကျေးရွာ၌ မီးရှို့သတ်ခံရသူမှာ ကရင်လူငယ် ၁ ဦးဖြစ်ဟု အတည်ပြုနိုင်
DVB
·
February 15, 2022
လွိုင်ကော် ပကြဲကျေးရွာ၌ မီးရှို့သတ်ခံရသူမှာ ကရင်လူငယ် ၁ ဦးဖြစ်ဟု အတည်ပြုနိုင်
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ စံပြသုံးမိုင်  ပကြဲကျေးရွာမှာ ဖေဖော်ဝါရီ ၁၀ ရက်က မီးရှို့သတ်ဖြတ်ခံရတဲ့ ရုပ်လောင်း ၂ လောင်းထဲက တယောက်ဟာ  မိုင်းလုံးရပ်ကွက်နေ အသက် ၂၈ နှစ် အရွယ် စောကလိုစေးဝါးဖြစ်တယ်လို့  မိခင်ဖြစ်သူက အတည်ပြုပါတယ်။

စောကလိုစေးဝါးဟာ မိခင်ဖြစ်သူနဲ့ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာ နေထိုင်တာဖြစ်ပြီး‌ ဇန်နဝါရီလဆန်းပိုင်းက လွိုင်ကော်မြို့ပေါ် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ သူ့မိခင်ကို စစ်ရှောင်စေပြီး သူကတော့ သူ့အလုပ်က ဆရာတွေနဲ့အတူ လွိုင်ကော် စက်မှုဇုန်ဘက်မှာ သွားရောက်နေထိုင်တာလို့ ဆိုပါတယ်။

သူဟာ ကုန်တင်ကားကြီးတွေကို မောင်းပြီး ပစ္စည်းပို့နေသူဖြစ်ပြီး အခင်းဖြစ်ပွားတဲ့နေ့က သူ့လုပ်ငန်းခွင်ရှိ ဂိုဒေါင်မှာ တခြားလုပ်ဖော်ကိုင်ဖက် ဦးလေးနဲ့အတူ ဂိုဒေါင်စောင့်တာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်  မနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သူတို့ရှိနေတဲ့ နေအိမ်ကို မီးရှို့ခဲ့သလို သူတို့နှစ်ယောက်ကိုပါ မီးရှို့သတ်ခဲ့တာလို့ စောကလိုစေးဝါးရဲ့ မိခင်က ပြောပါတယ်။

“ညပိုင်း သူနဲ့ စကားပြောသေးတယ်။ မနက်ပိုင်းမှာကျတော့ အခင်းဖြစ်ပွားခဲ့တာ။ သူများပုံတင်တာတွေလို့ သူ့ကို ဖုန်းဆက်တာ စက်ပိတ်ထားသည်ပဲ ဖြစ်နေတာ။ ညအထိ ဆက်တယ်။ ဆက်မရဘူး။ နောက်မနက် သူ့သူငယ်ချင်းကို ဆက်တော့လည်း သူ့သူငယ်ချင်းက သူ့ကို ဆက်ရဘူး။ နောက်တနေ့မနက်က အဲဒီနေရာကို သူ့သူငယ်ချင်းတွေက သွားတာ သူတို့ ခြံပြင်ဘက်မှာ တွေ့တာ။ မီးရှို့သတ်ထားကို တွေ့တယ်လို့ သူ့သူငယ်ချင်းက ပြောလာတယ်။ လက်နက်ကြီးကျလို့ မီးလောင်တာလားလို့ သူ့ကို သေချာမေးသေးတယ်။ သူတို့ကတော့ လက်နက်ကြီးကျလို့ မဟုတ်ဘူး။ မီးရှို့ထားတာလို့ ပဲပြောတယ်။”

သူနဲ့အတူ မီးရှို့သတ်ခံရသူဟာ အသက် ၅၀ ကျော်အရွယ် ဂိုဒေါင်စောင့်ဖြစ်ပြီး အများအားဖြင့် သူ့ကို ဇွဲလို့ခေါ်ကြကြောင်းလည်း ပြောပါတယ်။ ဇွဲရဲ့ နာမည်အရင်းကို မသိရပေမဲ့ သူဟာလည်း ကရင်လူမျိုးဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။

စောကလိုစေးဝါးဟာ ဖခင်မရှိတော့လို့ မိခင်ကို အလုပ်အကျွေးပြုနေသူဖြစ်ပြီး သူ့မွေးချင်းညီအစ်ကို နှစ်ယောက်ထဲက သားငယ်ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူကတော့ အိမ်ထောင်ကျပြီးတော့ ရွာမှာပဲ နေထိုင်တယ်လို့ ဆိုပါတယ်။

“ကျမသားက ကျမကိုပဲ လုပ်ကျွေးနေတာလေ။ အခုကျမလည်း မျက်လုံးက သိပ်မမြင်တော့ သူက ကျမနေဖို့ အိမ်တလုံး ဆောက်ပေးမယ်လို့ ပြောတာ။ အခု အိမ်လည်း မပြီးသေးဘူး။ နောက်အခု ကျမက စစ်ရှောင်နေရတော့  ပြန်ရင် ဘာလုပ်ရမှန်း မသိတော့ပါဘူး။ နားလည်း မလည်တော့ပါဘူး”လို့ စောကလိုစေးဝါးရဲ့မိခင်က ပြောပါတယ်။

လွိုင်ကော်မြို့နယ်၊ စံပြသုံးမိုင်  ပကြဲကျေးရွာမှာ မီးရှို့သတ်ဖြတ်ခံရတဲ့ ရုပ်လောင်း ၂ လောင်းကို ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁၁ နာရီမှာ တွေ့ရှိရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက် မနက်ကနေ ညနေအထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ခဲ့ကာ ပြည်သူ ၂ ယောက်ကို စစ်ဝတ်စုံ ဝတ်ပေးကာ မီးရှို့သတ်ဖြတ်ခဲ့တာလို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

မီးရှို့အသတ်ခံခဲ့ရတဲ့ အရပ်သား ၂ ယောက်နဲ့ကိစ္စပတ်သက်လို့ ကရင်နီပြည်ရဲဌာနက အမှုဖွင့်လှစ်ထားပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့  ကရင်နီပြည်ရဲဌာန KSP က သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013