မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၃ ရက်တာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၂၅ ယောက် သေဆုံးကာ ၁၅ ယောက်လောက် ဒဏ်ရာရရှိသွားတယ်လို့ PDF-ဆောကနေ သိရပါတယ်။
ဆောမြို့နယ်မှာ ကျောက်ထုကနေ ဆောဘက်ကို ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း ၁၆ စီး အင်အား ၃၀၀ လောက်ကို PDF-ဆောနဲ့ ညီနောင်မဟာမိတ်တပ်ဖွဲတွေက ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ ၃ ရက်ကြာတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၅ ယောက်ထက်မနည်း သေဆုံးပြီး ၁၅ ယောက်လောက်ဒဏ်ရာရရှိသွားတယ်လို့ PDF-ဆောရဲ့ ပြန်ကြားရေးနာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“ကျောက်ထုအမြှောက်တပ်ထဲကနေ ဆောမြို့ဘက်ကို ဖေဖော်ဝါရီ ၇ ရက်နေ့ကတည်းက ထွက်လာကြတာဗျ။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ YDF(ဆော၊ ကျောက်ထု)၊CDF-ကန်ပက်လက်တို့နဲ့ ပူးပေါင်းပြီး ရှေ့ထွက်မိုင်းတွေနဲ့ စတင်တိုက်ခိုက်ခဲ့တယ်။ ကပစ(၂၅)ကနေထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာလည်း PDF-ဆောနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားကာ ဆောမြို့ထဲကို ပြန်ဝင်သွားတယ်ဗျ။ ဖေဖော်ဝါရီလ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ထိတွေတိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်တွေဘက်က ထိခိုက်သေဆုံးသူတွေရှိနိုင်ပေမယ့် အတိကျမသိရဘူး။ အဲဒီစစ်ကောင်စီယာဥ်တန်း ၁၆ စီးအနက် ၄ စီး ထိခိုက်ပျက်စီးပြီး ဆောမြို့ထဲကို ဝင်ရောက်ခဲ့တယ်။”
နှစ်ဘက် ထိတွေ့တိုက်ပွဲတွေအတွင်းမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိအခိုက် အကျအဆုံးမရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့ကြပေမယ့် လက်နက်အင်အားမမျှတာကြောင့် စစ်ကောင်စီစစ်ကြောင်းကို မတားဆီးနိုင်လိုက်တဲ့အတွက် ပြည်သူလူထုကို တောင်းပန်ထားပါတယ်။
နှစ်ဘက် တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။