DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၅၀ နီးပါးရှိလာ
DVB
·
February 15, 2022
စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၅၀ နီးပါးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၄၉ ယောက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၁၂၁၄၃ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉၁၃၂ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၇၀၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၄ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်က ချင်းပြည်နယ်၊ မတူပီမြို့ကနေ မင်းတပ်မြို့ကို ပြန်ဆင်းလာတဲ့ စစ် ကောင်စီယာဉ်တန်းဟာ ကိုးမိုင်အနီး ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ် ခတ်ခဲ့တာကြောင့် လျှို‌မြောင်အတွင်း ပုန်းအောင်းနေတဲ့ အသက် ၁၃ နှစ်အရွယ် ၇ တန်း ကျောင်းသား မောင်ဟုန်ကီးဟာ နေရာတင် ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ စစ်ယာဉ်တန်းဟာ လမ်းတလျှောက် ကျေးရွာတွေကို ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေချိန်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ် ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၁ ရက်က မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျအိုးကျေးရွာမှာ နေထိုင်တဲ့ မောင်ချမ်းထက်ကို ဒီးဒုတ်ကွင်းကျေးရွာမှ ပျူစောထီးအဖွဲ့က ဖမ်းဆီးကာ အောင်ချမ်းသာကျေးရွာ(ဝန်လဲရိုးကျေးရွာ)အနီးက တောစပ်မှာ ပစ်သတ်ခဲ့ကြောင်း သိရှိရ ပါတယ်။ မောင်ချမ်းထက်ရဲ့ ဦးခေါင်းနဲ့ နောက်ကျောတွေမှာ သေနတ်ဒဏ်ရာတွေကို တွေ့ ရှိရပြီး သူဟာ ဒီးဒုတ်ကွင်းကျေးရွာက သူငယ်ချင်းက ခေါ်တာကြောင့် အလည်သွားခဲ့တာ ဖြစ်ပြီး ညအချိန် ကျေးရွာအတွင်း ဝင်လာတယ်ဆိုကာ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013