
ပဲခူးတိုင်း ကြို့ပင်ကောက်မြို့မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့မွန်းလွဲပိုင်းက ရဲတပ်ကြပ်တစ်ယောက် သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကြို့ပင်ကောက်မြို့ မြို့မရဲစခန်းမှ တပ်ကြပ်ဝင်းဦးဟာ ဒီကနေ မွန်း လွဲ ၃ နာရီဝန်းကျင်လောက်က သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ကြို့ပင်ကောက်မြို့ခံတစ်ယောက်က ပြောပါတယ်။
"ကြို့ပင်ကောက်မြို့ ရန်ကုန်ပြည်လမ်းမပေါ်ကကားဂိတ်နားမှာ အမည်မသိ လက်နက်ကိုင် ၂ ယောက်က ဆိုင်ကယ်နဲ့ လာရောက်ပစ်ခတ်သွားတာဗျ။ ဘယ်အဖွဲ့စည်းက ပစ်ခတ်သွားတယ်ဆိုတာတော့ မသိရသေးဘူး။ အဲဒီရဲတပ်ကြပ်ဟာ အပစ်ခံရတဲ့နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်။”
အဲဒီရဲတပ်ကြပ် သေနတ်နဲ့ ပစ်သတ်ခံရပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေရောက်လာပြီးတော့ လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေ၊ ကားတွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့နယ်နဲ့ အုတ်ဖိုမြို့နယ်အစပ် မြေပြာရွာမှာ စခန်းချထားတဲ့ ပျူစောထီးစခန်းကို ကြို့ပင်ကောက် PDF က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ပျူစောထီးအဖွဲ့ဝင် ၅ ယောက်သေဆုံးခဲ့တယ်လို့ သိရပြီး ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးပါဘူး။