DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်၌ စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် တနှစ်အတွင်း ပြည်သူ ၄၆ ဦး သေဆုံး
DVB
·
February 14, 2022
ချင်းပြည်နယ်၌ စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် တနှစ်အတွင်း ပြည်သူ ၄၆ ဦး သေဆုံး
Donate to DVB

ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း စစ်တပ်က အကြမ်းဖက် သတ်ဖြတ်လို့ သေဆုံးတဲ့ပြည်သူ ၄၆ ယောက်ကျော်ရှိခဲ့သလို စစ်တပ်ရဲ့ ယောဂကြောင့် စစ်ဘေးရှောင်ရင်း ဆေးဝါးနဲ့စားနပ်ရိက္ခာပြတ်တောက်ပြီး သေဆုံးခဲ့ရသူတွေလည်း ရှိနေတယ်လို့ ချင်းပြည်နယ်ဒေသခံ CDF ခေါင်းဆောင်တွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက် အထိ မှတ်တမ်းတွေအရ ချင်းပြည်နယ်မှာ စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အတွက် အပြစ်မဲ့အရပ်သားပြည်သူ ၄၆ ယောက်ကျော် သေဆုံးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း စစ်တပ်က အကြမ်းဖက်ပစ်ခတ်တာ၊ ဖမ်းဆီးနှိပ်စက်ရင်း လက်လွန်သေဆုံးတာ၊ လူသားဒိုင်းအဖြစ် အသုံးပြုပြီး သတ်ဖြတ်တာတွေ ကြောင့် ချင်းပြည်နယ်ထဲက အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီက ချင်းပြည်နယ်၊ မြို့နယ် ၉ ခုထဲက တွန်းဇံမြို့နယ်ကလွဲပြီး ကျန်မြို့နယ် ၈ ခုမှာ အကြမ်းဖက်လူ သတ်မှုတွေ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက ချင်းပြည်နယ်ထဲမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေဖြတ်တောက်ထားတာ၊ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်တာတွေကြောင့် လက်တွေ့မြေပြင်မှာ သေဆုံးတဲ့နှုန်းဟာ AAPP ရဲ့စာရင်းထက် ပိုပြီးများပြားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ရဲ့ပယောဂကြောင့် စစ်ဘေးရှောင်ရင်း ရိက္ခာနဲ့ဆေးဝါးပြတ်လပ်တာ၊ ရာသီဥတု ဒဏ်ခံရတာတွေကြောင့် သေဆုံးခဲ့ရသူတွေလည်းရှိခဲ့တယ်လို့ မင်းတပ် CDF တာဝန်ရှိသူက ပြောပါတယ်။

“အစာအာဟာရငတ်ပြတ်လို့ သော်လည်းကောင်း၊ တောထဲမှာ စစ်ဘေးရှောင်ရင်း ချောက်ထဲလိမ့်ကျသွားတာသော်လည်းကောင်း၊ အဲ့ဒီလိုမျိုးတွေက ကျနော်သိသလောက်ကို အနည်းဆုံး ၅ ယောက်ရှိတယ်ဗျ။ ဆေးရုံဆေးခန်းကို မရောက်နိုင်လို့ တောထဲတောင်ထဲမှာပဲ ဆုံးသွားတဲ့ ကလေးငယ်တွေပါဆိုရင် ၈ ယောက်လောက်ရှိမယ်။”

ချင်းပြည်နယ်၊ မြို့နယ် ၉ ခုစလုံးကို စစ်ကောင်စီက ထိန်းချုပ်ဖို့ကြိုးစားနေတဲ့အတွက် CDF တွေက ပြောက်ကျားစနစ်နဲ့ခုခံတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီက ချင်းပြည်နယ်အတွင်း ရိက္ခာနဲ့ ဆေးဝါးလမ်းကြောင်းတွေ ဖြတ်တောက်ထားတာကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုလည်း  ပြည်သူတွေ ကြုံတွေ့နေရပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလဆန်းပိုင်းကနေ ၂၀၂၂ ဖေဖော်ဝါရီလအတွင်း ထန်တလန်မြို့မှာ အိမ်ခြေ ၉၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အဲ့ဒီပမာဏဟာ တစ်မြို့လုံးအိမ်ခြေရဲ့ တစ်ဝက်ကျော်ရှိခဲ့ပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့၊ မတူပီမြို့တို့မှာလည်း စစ်ကောင်စီက အကြမ်းဖက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ မင်းတပ်မြို့မှာတော့ ၂၀၂၁ခုနှစ် ဧပြီလကုန်ပိုင်းကတည်းက စစ်ကောင်စီက ထိုးစစ်ဆင်အကြမ်းဖက်ခဲ့တာကြောင့် မြို့လုံးကျွတ်စစ်ဘေးရှောင်ခဲ့ရပါတယ်။

မင်းတပ်မြို့ကို ကုလသမဂ္ဂက ရိက္ခာထောက်ပံ့ဖို့ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီက ကန့်သတ်ခဲ့တာကြောင့် ပြည်သူတွေဟာ ရိက္ခာတွေကို လက်ခံရယူနိုင်ခြင်းမရှိခဲ့ပါဘူး။

မင်းတပ် CDF တာဝန်ရှိသူတစ်ဦး “စကစရဲ့လှုပ်ရှားမှုတွေထဲမှာ အဓိကကတော့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပိတ်တာပေါ့။ WHO၊ WFP၊ UNHCR တို့ကလာတဲ့ အကူအညီတွေကို မင်းတပ်မြို့အနောက်ဘက်က ဘုန်းကြီးကျောင်းတစ်ခုမှာ အခုအထိ သော့ခတ်ပြီးတော့ ပိတ်သိမ်းထားတယ်။ အကူအညီတွေ လက်ခံခွင့်မပြုဘူး။ အောက်ပြည်အောက်ရွာက ဆေးဝါးတွေ ပါရာစီတမောလိုဟာတောင် တစ်ကတ်ပဲ။ တကတ်ကျော်ရင်  သယ်ခွင့်မပြုတာ၊ မိုးရာသီတုန်းက တာလပတ်တွေသယ်ခွင့်မပြုတာ။ အခုဆောင်းရာသီမှာ အနွေးထည်တွေသယ်ခွင့်မပြုတာ။ စောင်တွေ ဆန်တွေသယ်လို့မရတာ။ တောက်လျှောက်ပိတ်ဆို့တာ။ အစာရေစာသော်လည်းကောင်း လိုအပ်တဲ့ ဆေးဝါး ကျန်းမာရေး အားလုံးပိတ်ဆို့နေတာပေါ့။ ငတ်ပြီးမသေတောင်မှ ဖျားနာပြီးသေအောင် ရည်စူးပြီး လုပ်တာမျိုးဖြစ်နေတာပေါ့။”

ချင်းပြည်နယ်ထဲမှာ ခရိုင် ၄ ခု၊ မြို့နယ် ၉ ခု၊ မြို့ ၁၈ မြို့၊ ရပ်ကွက် ၆၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၆၄ အုပ်စုနဲ့ ရွာပေါင်း ၁၃၄၇ ရွာတည်ရှိပြီး လူဦးရေ ၅ သိန်းကျော်ထက်မနည်း စစ်ဘေးသင့်နေတာဖြစ်ပါတယ်။ 

၂၀၂၁ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ မင်းတပ်မြို့က ခရစ်ယာန် သင်းအုပ်ဆရာ တစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး ဒီနေ့အထိ သတင်းမကြားရတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ကောင်စီရဲ့သတ်ဖြတ်မှုကြောင့် ချင်းပြည်နယ်မှာ ဓမ္မအမှုတော်ဆောင်  ၃ ယောက်အထိသေဆုံးခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီက ချင်းပြည်နယ်အတွင်းမှာ ခရစ်ယာန်ဘုရားကျောင်းတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မတူပီ CDF တာဝန်ရှိသူတစ်ဦးက “စကစ လုပ်ရပ်ကတော့ ဂျီနိုဆိုက်ပုံစံမျိုးပေါ့လေ။ ချင်းပြည်နယ်လို လူနည်းစုနေတဲ့နေရာမျိုးတွေမှာ ဂျီနိုဆိုက်ပုံစံလုပ်တဲ့သဘောတွေ့ရတယ်။ နောက်တစ်ခုက ကျနော်တို့ရဲ့ ဘာသာရေးအရတန်ဖိုးထားတဲ့ ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးတယ်ဆိုတာ ကျနော်တို့ လူမျိုးစုတွေကို ဘာသာရေးအရရော လူမျိုးရေးအရပါ စော်ကားတယ်လို့ ခံစားရပါတယ်။ နယ်စပ်ဒေသလည်းဖြစ်တယ်။ လူနည်းစုလည်းဖြစ်တယ်။ ကျနောတို့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ ကျနော်တို့ အိမ်တွေကို သူတို့ဖျက်ဆီးပြီးမှ လုပ်ပစ်လိုက်တဲ့အခါကြတော့ ကျနော်တို့ တခြားပြည်နယ်ကို ထွက်ပြေးသွားအောင်၊ သူတို့ဒီမှာနေရာယူနိုင်အောင် နိုင်ငံရေးအရပါ ကစားတာလို့ ကျနော်တို့ သုံးသပ်ပါတယ်။ စစ်ရေးအရတင်မက နိုင်ငံရေးအရပါ ကျနော်တို့ကို  ခေါင်းမဖော်နိုင်အောင် လုပ်တယ်လို့ပဲ သုံးသပ်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက ကန်ပက်လက်မြို့နယ်မှာ ပြည်သူ ၅‌ ယောက်၊ တီးတိန်မြို့နယ်မှာ ၃ ယောက်၊ ထန်တလန်မြို့နယ်မှာ ၄ ယောက်၊ ပလက်ဝမြို့နယ်မှာ ၁၀ ယောက်ထက်မနည်း၊ ဖလမ်းမြို့နယ်မှာ ၅ ယောက်၊ မင်းတပ်မြို့နယ်မှာ ၄ ယောက်၊ မတူပီမြို့နယ်မှာ ၁၂ ယောက်၊ ဟားခါးမြို့နယ်မှာ ၃ ယောက်၊ စုစုပေါင်း အရပ်သားပြည်သူ ၄၆ ယောက်ကျော်ကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ 

၂၀၂၁ ဧပြီ ၂၇ ရက်က တီးတိန်မြို့မြောက်ဘက်မှာ စစ်ကောင်စီက အသက် ၂၀ အရွယ် မောင်ထန်းမွမ်းလျန်ကို ချင်းပြည်နယ်ထဲမှာ အစောဆုံးအနေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်ပြီး ၂၀၂၂ ဇန်နဝါရီ ၃၁ ရက်က ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီက ကိုမင်းရန်အောင်ကို ပစ်ခတ်သတ်ဖြတ်ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013