DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်ပြောသည့် ခြိုးခြံချွေတာရေးမူဝါဒအပေါ် စီးပွားရေးသုတေသီများ ဝေဖန်ထောက်ပြ
DVB
·
February 14, 2022
စစ်ခေါင်းဆောင်ပြောသည့် ခြိုးခြံချွေတာရေးမူဝါဒအပေါ် စီးပွားရေးသုတေသီများ ဝေဖန်ထောက်ပြ
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင်ပြောနေတဲ့ ခြိုးခြံချွေတာရေး စီးပွားရေးမူဝါဒဟာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကောင်းတဲ့ မူဝါဒမဟုတ်ဘူးလို့ စီးပွားရေးသုတေသီတွေက ထောက်ပြ ဝေဖန်လိုက်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီ ၁၃ ရက်က စစ်ကောင်စီခန့် ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေနဲ့ နေပြည်တော်မှာတွေ့ဆုံရာမှာ  နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဘဏ္ဍာငွေအလေအလွင့်နည်းပါးရေးအတွက် ချွေတာရေး လုပ်ငန်းစဉ်တွေ ပြောကြားခဲ့တာပါ။

ဒီလိုတွေ့ဆုံရာမှာ လျှပ်စစ်မီးနဲ့ စက်သုံးဆီချွေးတာသုံစွဲကြဖို့ စက်သုံးဆီကို ပြည်ပမှ အများဆုံး မှာယူတင်သွင်းနေရတဲ့အတွက် နှစ်စဉ်တိုင်းပြည်မှ နိုင်ငံခြားငွေများစွာ သုံးစွဲနေရတာကြောင့် အမှန်တကယ်သုံးစွဲဖို့လိုတဲ့ ကိစ္စရပ်တွေမှာသာသုံးစွဲကြဖို့ နိုင်ငံတည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ခြိုးခြံချွေတာ စနစ်တကျသုံးစွဲကြဖို့  တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် တာဝန်ရှိသူတွေကို စစ်ခေါင်းဆောင်က မှာကြားခဲ့တာဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာလည်း စစ်ခေါင်းဆောင်က ဥပမာ-ဆိုင်ကယ် ၆ သန်းက တရက်ကို ဆီသုံးစွဲမှု နို့ဆီဘူး တဝက်ခန့် လျှော့ချလျှင် တရက်ကို ဂါလန် ၁၂၅,၀၀၀ သက်သာမှာဖြစ်ပြီး ကားတစီးကလည်း တရက်ကို ဆီသုံးစွဲမှု ၁ လီတာ ပုလင်းတဝက်ခန့် လျှော့ချနိုင်ပါက တရက်ကို ဂါလန် ၁၂၅,၀၀၀ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ တန်ဖိုးအားဖြင့် ၁ ဂါလန် ၆၀၀၀ ကျပ် ပျှမ်းမျှစျေးနဲ့ တွက်ကြည့်ပါက တရက် ငွေ ကျပ် ၁ ဒသမ ၅ ဘီလီယံ အထိ လျှော့ချနိုင်မယ်လို့ ပြောဆိုခဲ့တာပါ။

အခုလို ပြောဆိုချက်နဲ့ပတ်သက်ပြီး  စီးပွားရေးသုတေသီတဦးက “အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းတွေထဲမှာလည်း ခဏခဏပါနေတာ ရှိပါတယ်။ သူ့ရဲ့သွားနေတဲ့ မူဝါဒက ချွေတာရေးမူဝါဒပေါ့နော်။ ဘာလို့လဲဆို သူ့လက်ထက်မှာ ပိုက်ဆံလည်း များများစားစားမရှိဘူး။ တခါ နိုင်ငံတကာနဲ့လည်း ဆက်ဆံရေးက မကောင်းတော့ ပိုက်ဆံချေးဖို့က အဆင်မပြေနိုင်ဘူး။ ဒီတော့ ဘာဖြစ်လာလဲဆိုရင် ဆန်ကိုလည်း ချွေတာကြ၊ ဆီကိုလည်း ချွေတာကြ၊ လျှပ်စစ်ကိုလည်း ချွေတာကြဆိုပြီး အကုန်ချွေတာရေး ဖြစ်နေတာနော်။ ဒီတော့ ကျနော်မြင်တာက ဒီလိုချွေတာရေးမူဝါဒက တစုံတရာတော့ အလုပ် ဖြစ်နိုင်တယ်။ ဒါပေမဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်တော့ အခြေခံကောင်းတဲ့ မူဝါဒမဟုတ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ခြိုးခြံချွေတာကြဖို့ တဘက်မှာ စစ်ခေါင်းဆောင်ကပြောနေပေမဲ့ တိုင်းပြည်စီးပွားရေးပျက်ကပ် ကြုံနေချိန်မှာ ဗိုလ်ရှုခံပွဲလို တိုင်းပြည်အတွက်အကျိုးမရှိတဲ့ပွဲမျိုးကို  ကျပ်ငွေ သိန်းပေါင်း ၉ သောင်းကျော်အကုန်အကျခံကျင်းပကာ နိုင်ငံဘဏ္ဍာငွေတွေကို ကိုယ်ကျိုးအတွက် အလဟသဿ သုံးစွဲပစ်နေတာလည်းရှိနေပါတယ်။

စီးပွားရေးလေ့လာသုံးသပ်သူတဦးကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အထီးကျန်နေရေးနဲ့ ကိုယ့်ပြဿနာကိုယ် ဖြေရှင်းရေးမူက မြန်မာ့စီးပွားရေးကို ဆုံးဆုံးမြုပ်အောင်လုပ်ဆောင်နေတာလို့ ထောက်ပြပြောဆိုထားပါတယ်။

“နိုင်ငံတကမှာ အများစုက ကိုဗစ်အလွန်ကာလမှာ စီးပွားရေးကို ဘယ်လိုပြန်လုပ်ကြမလဲဆိုတာ တော်တော်လေးပြောဆို ဆွေးနွေးပြီး လုပ်နေကြပါပြီ။ ဒါပေမဲ့ မြန်မာပြည်ကတော့ ဒီအနေအထားနဲ့ မျက်ခြည်ပြတ်တဲ့ အခြေအနေရောက်နေတာ ပါ။ ဒါကြောင့်ပဲ ကိုယ့်ဘာသာကိုယ် အထီးကျန်နေရေး နဲ့ကိုယ့်ပြဿနာကိုယ်ဖြေရှင်းမယ်ဆိုပြီး အာဏာသိမ်း စစ်ခေါင်းဆောင်က လုပ်နေတာနော်။အဲ့တော့ ကျနော် မြင်တာကတော့ ဒီပြဿနာက တယောက်တည်းဖြေရှင်းလို့ရတဲ့ ပြဿနာမဟုတ်ဘူးဗျ။ ဆိုတော့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့ ပြန်လိုအပ်တယ်လို့ ထင်ပါတယ်။ အဲ့လိုမှ မဟုတ်ရင်တော့ အောင်မြင်ဖို့က ဘယ်လိုနည်းနဲ့မျှ မလွယ်ပါဘူး။ ပိုဆိုးသွားစေတာက အာဏာသိမ်းလိုက်တော့ အနောက်နိုင်ငံတွေက သူတို့ကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်တာပေါ့ဗျာ။ ဒါကြီးကို ပြန်လှန်ဖို့ဆိုတာကလည်း မလွယ်ဘူးဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုနဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုတို့ကြောင့် မြန်မာ့စီးပွားရေးနဲ့ မြန်မာပြည်သူတွေဟာ ပြင်းထန်စွာထိခိုက်ခံစားနေရဆဲဖြစ်တာကြောင့် ၂၀၂၁ ဘဏ္ဍာရေးနှစ် စက်တင်ဘာလအထိ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းဟာ ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်း တွက်ချက်ထားပါတယ်။

ဒါပေမဲ့ ယခုဘဏ္ဍာနှစ်ဖြစ်တဲ့ (၂၀၂၂ ဘဏ္ဍာရေးနှစ် ၊ စက်တင်ဘာလအထိ) တွက်ချက်မှုမှာတော့ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းက ၁ ရာခိုင်နှုန်းသို့ ရောက်ရှိလာမယ်လို့ ခန့်မှန်းထားရှိပြီး ကမ္ဘာ့ကပ်ရောဂါအခြေအနေနဲ့  ပဋိပက္ခရဲ့ အကျိုးသက်ရောက်မှု၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ဘဏ္ဍာရေးကဏ္ဍမှာ တွေ့ကြုံနေရတဲ့ အခက်အခဲ အနိမ့်အမြင့်အပေါ်မှာသာမက လျှပ်စစ်မီး၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့  ဒစ်ဂျစ်တယ်နည်းပညာအရ ချိတ်ဆက်နိုင်မှုအပါအဝင် အဓိကဝန်ဆောင်မှုတွေမှာ နှောင့်နှေး ပြတ်တောက်မှုတွေ ဆက်လက်ရှိနေဦးမယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။

Photo Credit- World Bank

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013