DVB Logo
Home
မြန်မာသတင်း
အကယ်ဒမီ မင်းမော်ကွန်း ရွတ်ဆိုထားသည့် ထောင်ထဲက ပေးပို့သည့် “ငရဲလမ်း”ကဗျာ(ရုပ်သံ)
DVB
·
February 14, 2022
အကယ်ဒမီ မင်းမော်ကွန်း ရွတ်ဆိုထားသည့် ထောင်ထဲက ပေးပို့သည့် “ငရဲလမ်း”ကဗျာ(ရုပ်သံ)
Donate to DVB

“နှစ်ဆယ်နှစ်တစ် ခရစ်နှစ်ဝယ်

အပြစ်ရှာကြံ သမိုင်းမှန်ကို

နင်းကန်သိမ်းပိုက် စစ်ခွေးမိုက်တို့

တိုက်ခိုက်ချေမှုန်း အာဏာသုံးပြီး

အမုန်းပွားကြလေကုန်၏”

ဒါကတော့ နွေဦးတော်လှန်ရေးမင်းသားတလက်အနေနဲ့ ပရိသတ်တွေ ချစ်ခင်လေးစားကြတဲ့ သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းရွတ်ဆိုထားတဲ့ ကဗျာတပုဒ်ထဲက တပိုင်းတစ ဖြစ်ပါတယ်။

“ငရဲလမ်း”လို့ အမည်ပေးထားတဲ့ ဒီကဗျာကိုတော့ အကျဉ်းထောင်ထဲက ပေးပို့လာခဲ့တာ ဖြစ်ပြီး Our Tomorrow - ငါတို့မနက်ဖြန် အမည်နဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတ တဆင့် မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

မင်းမော်ကွန်းဟာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင်ချိန်ကတည်းက ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံထားရသူလည်းဖြစ်ကာ လက်နက်ကိုင်နယ်မြေတခုကနေ စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင်နေခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ ပါဝင်လှုပ်ရှားခဲ့တဲ့ နှင်းဆီအငြိမ့်အဖွဲ့ကနေ နုတ်ထွက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်ပြီး နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်းနဲ့ အဆိုတော် ရဲလေးတို့က ပင်တိုင်ပါဝင်တင်ဆက်ခဲ့တဲ့ နှင်းဆီအငြိမ့်အဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အချိန် ၁၅ နှစ်လောက်အတွင်းမှာ ပရဟိတရန်ပုံငွေပွဲ ပေါင်းများစွာ တင်ဆက်ခဲ့ဖူးပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့နေရာမှာ အနုပညာရှင်တွေရော ပြည်သူတွေပါ တသားတည်းရပ်တည်ပြီးတော့ ပါဝင်နေကြချိန်မှာ မင်းမော်ကွန်းကလွဲလို့ ကျန်တဲ့ နှင်းဆီအဖွဲ့သားတွေ မပါဝင်လာတဲ့အပေါ် ပရိသတ်တွေက  အားမလိုအားမရ ဖြစ်နေခဲ့ကြ ချိန်မှာပဲ သူက နုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းကာလ တနှစ်ကျော်လာခဲ့တဲ့တိုင် မင်းမော်ကွန်းဟာ ပြည်သူတွေနဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးမှာ တစိုက်မတ်မတ်ပါဝင်လှုပ် ရှားနေတာကို တွေ့ရပါတယ်။

“စစ်ဖိနပ်သံ တညံညံတည့်

ညဉ့်ယံကျိုးပေါက် သေနတ်ဖောက်လို့

တောက်လျှောက်စစ်မြူ တို့ပြည်သူအား

ဖမ်းယူနှိပ်စက် အာဏာမက်၍

အရှက်မဲ့ကြကုန်လေ၏

အဘိစ္ဇျာပွား မိစ္ဆာများက

ထောက်ထားမညှာ ပြည့်မျက်နှာကို

ကမ္ဘာတခွင် လူရာမဝင်အောင်

အစဉ်နွံနစ် ကျွန်စနစ်သို့

ဖျစ်ညှစ်သွတ်သွင်းကုန်လေ၏”

မြန်မာနိုင်ငံမှာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက မတရား အာဏာသိမ်းယူခဲ့တဲ့ ကာလတနှစ်ကျော်အတွင်း အပြစ်မဲ့ ကျဆုံးပြည်သူ ၁၅၅၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူ ပေါင်း ၁၂၀၀၀ ကျော် ရှိလာနေခဲ့တာပါ။

ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ ပြည်သူတွေနဲ့အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေ မှာ ပါဝင်ခဲ့တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်တို့လို အနုပညာရှင်တွေလည်း ပါဝင် နေခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၈၀၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုကြောင်းကြေညာခဲ့ပေမဲ့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေမပါဝင်ဘဲ ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ကျနေသူတွေသာ ပါဝင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013