
ဂရိနိုင်ငံ ကရိ(ထ်)ကျွန်းမှာ ဇူလိုင် ၂၉ ရက်က တောမီး ပြင်းပြင်းထန်ထန် လောင်ကျွမ်းခဲ့ရာမှာ လေပြင်းကြောင့် မီးတောက်တွေဟာ သစ်ပင်စိုက်ခင်း ဧရိယာတွေဆီ ကူးစက်သွားပြီး တောင်တန်း ဒေသက လျှိုမြောင်ချိုင့်ဝှမ်းတွေရှိ နေအိမ်တွေကိုပါ ခြိမ်းခြောက်လာခဲ့တာကြောင့် မီးငြှိမ်းသတ်ရင်း ဂရိမီးသတ်သမား ၃ ယောက် သေဆုံးခဲ့ပါတယ်။
မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူက မီးသတ်သမား ၂ ယောက်ဟာ ကရိ(ထ်)ကျွန်း၊ ကရီးယာ ဗရီဆီး ကျေးရွာအနီး မီးငြှိမ်းသတ်ဖို့ ကားနဲ့သွားရောက်ချိန်မှာ မီးတောက်တွေကြား ပိတ်မိပြီး သေဆုံးခဲ့တာ လို့ ပြောပါတယ်။
နောက်ထပ် မီးသတ်သမားတယောက်ကတော့ Peloponnese ဒေသမှာ လောင်ကျွမ်းခဲ့တဲ့ တောမီး ကို ငြှိမ်းသတ်ရင်း သေဆုံးခဲ့တာပါ။
နာမည်ကြီး အပန်းဖြေစခန်းတွေအနီးမှာ လေပြင်းကြောင့် မီးကို ထိန်းမရနိုင်အောင် ဖြစ်ခဲ့တာမို့ ကရီးယာ ဗရီဆီးကျေးရွာနဲ့ အနီးနားက ရွာတွေက ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဒေသခံ မနိုလစ် ဗဲရီဒါကစ်က “ကျနော်တို့ တော်တော်လေး အန္တရာယ်ကြုံခဲ့ရတာပါ။ ပိုက်တွေ၊ ရေပုံးတွေနဲ့ အားလုံး ဝိုင်းဝန်းငြှိမ်းသတ်ကြလို့၊ နောက်ပြီး လေကြောင်းလိုင်း ခဏပြောင်းသွားလို့သာ အဆိုးဆုံးအခြေအနေကနေ လွတ်မြောက်ခဲ့တာပါ။ မီးက အိမ်ဝိုင်းအထိ ကူးလာခဲ့ပေမဲ့ အဆိုးရွားဆုံး အခြေအနေအထိတော့ မရောက်ခဲ့ပါဘူး” လို့ ပြောပါတယ်။
Source: Reuters










