DVB Logo
Home
မြန်မာသတင်း
မတူပီမြို့နယ် ထယ်ဘွေးရွာက စစ်ကောင်စီတပ်စခန်းကို မတူပီ CDF က ထိုးစစ်ဆင်တိုက်ခိုက်
DVB
·
February 12, 2022
မတူပီမြို့နယ် ထယ်ဘွေးရွာက စစ်ကောင်စီတပ်စခန်းကို မတူပီ CDF က ထိုးစစ်ဆင်တိုက်ခိုက်
1 / 3
Donate to DVB

ချင်းပြည်နယ် မတူပီမြို့နယ်မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ မတူပီ CDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားတယ်လို့ မတူပီ CDF က ပြောပါတယ်။

မတူပီ-ပလက်ဝလမ်းပေါ် ထယ်ဘွေးကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဖေဖော်ဝါရီမနက် ၁၁ နာရီကျော်လောက်မှာ မတူပီ CDF က ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ မတူပီ CDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နှစ်ဘက် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီးပြန်လည်ပစ်ခတ်ပေမယ့် မတူပီ CDFက ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မတူပီ-မင်းတပ်လမ်းပေါ်မှာ ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၁ နာရီကျော်လောက်က နွားနောက်သွားရှာဖွေတဲ့ ခြန်းပြန်းရွာ ဦးလောင်နိုးဟာ စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ CNO/CNDFက ဖေဖော်ဝါရီ ၁၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဖလမ်းမြို့နယ်ဘက်ကို ရိက္ခာပို့ဖို့ တက်လာတဲ့ စစ်ကောင်စီယာဥ်တန်း ၂၂ အနက် ရှေ့ပြေးကားတွေကို ပါရ်သဲကျေးရွာနားမှာ CNDF တပ်ဖွဲ့က လက်ဦးမှုရယူပြီး တိုက်ခိုက်ခဲ့တာလို့ CNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နှစ်ဘက် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီး ပြန်လည်ပစ်ခတ်ပေမယ့် CNDF ရဲဘော်တွေ အထိအခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

CNDF တပ်ဖွဲ့အနေနဲ့ ဖလမ်းမြို့နယ်ထဲမှာ ဇန်နဝါရီလအတွင်း တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၈၁ ယောက်သေဆုံးကာ ၆၀ ကျော်သေဆုံးပြီး CNDF တပ်ဖွဲ့ဘက်က ရဲဘော်တစ်ယောက်ကျဆုံးကာ ၈ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီတပ်တွေက ချင်းပြည်နယ်ထဲကို ကုန်တင်ကားတွေ ဝင်ခွင့်မပြုဘဲ ပိတ်ဆို့ထားတာကြောင့် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် အစရှိတဲ့ စားနပ်ရိက္ခာတွေ ပြတ်တောက်နေသလို ဆေးဝါးတွေလည်း ပြတ်တောက်ကာ ကျန်းမာရေးစောင့်ရှောက်မှု အကူညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြည်တွင်း ပြည်ပ အလှူရှင်တွေအနေနဲ့ သက်ဆိုင်ရာ ပရဟိတအဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြီးတော့ တတ်နိုင်သလောက် လှူဒါန်းပေးကြဖို့ အကူညီတောင်းခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013