DVB Logo
Home
မြန်မာသတင်း
ကျောက်မဲစစ်ဘေးရှောင်များအား TNLA တပ်ဖွဲ့က လုပ်အားပေးစေခိုင်း
DVB
·
February 11, 2022
ကျောက်မဲစစ်ဘေးရှောင်များအား  TNLA တပ်ဖွဲ့က  လုပ်အားပေးစေခိုင်း
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲမှာ မနှစ်ကတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာသားတွေကို တအာင်းအမျိုးသားတပ်မတော် (TNLA) က နေရပ်ပြန်ခိုင်းနေပြီး ပြန်သွားတဲ့သူတွေကို လမ်းဖောက်လုပ်ရေး အဓမ္မလုပ်အားပေးခိုင်း နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ 

တန်ခူးလမတိုင်ခင် ကိုယ့်အိမ်ကိုယ်ပြန်ဖို့၊ ပြန်မလာရင် နေအိမ်နဲ့ ခြံတွေအသိမ်းခံရမယ်ဆိုလို့ ပြန်သွားခဲ့ကြကြောင်း၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်က ကျောက်မဲမြို့နယ်  တော့ဆန်၊ မိုင်းကုန်း၊ ကန့်ဆန်၊ ပန်စံ၊ ဆန့်ဟိန်း၊ ပန်မတ်မီး၊ ပန်ဟု အစရှိတဲ့ ကျေးရွာအုပ်စုထဲက ရွာသားတွေကို အစည်းအဝေးခေါ်ပြီး  ပါလိုင်ကျောက်ဖြူလမ်းခွဲကနေ တော့ဆန်ရွာထိ အရှည် ၁၀ မိုင်ကျော်တဲ့ လမ်းကို ကိုယ်ထူကိုယ်ထလုပ်အားပေးပြီး လမ်းခင်းရမယ့်အကြောင်း ပြောခဲ့တယ်လို့ တော့ဆန်ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“အိမ်သိမ်းခံရမှာကြောက်လို့ပြန်သွားတာ။ အဲဒါ အိမ်တိုင်းအိမ်တိုင်း အလှည့်ကျလမ်းခင်းဖို့ သွားရမယ်လို့ TNLA က ခေါ်ပြောတယ်။ ထော်လာဂျီရှိတဲ့လူက မြေတွေ သဲတွေ သယ်ပေးရမယ်၊ မရှိတဲ့လူက ပေါက်တူး ပေါက်ပြားနဲ့ မြေပေါက်မြေသယ်လုပ်ရမယ်၊ ရပ်ရွာအကျိုးလုပ်ရမယ်လို့ပြောတယ်။ ဒါပေမဲ့ အိမ်ကိုပစ်ပြီး စစ်ဘေးရှောင်နေတာ ၇ လကျော်ပြီလေ။ အိမ်ပြန်ရောက်တော့ အိမ်တွေလည်း အဖောက်ခံထားရတယ်၊ ရှုပ်ပွပျက်စီး နေတဲ့ အိမ်လည်း ပြန်ပြင်ရမယ်၊ ခြံထဲက ချုံတွေပြန်ရှင်း အပင်ပြန်စိုက် စားဖို့ သောက်ဖို့ အလုပ်လည်းလုပ်ရမယ်၊ ရွာလမ်းလည်း သွားဖောက်ရမယ်၊ လမ်းဖောက်ရမှာအဝေးကြီး၊ ဘယ်ခါပြီးမလဲမသိ၊ စိတ်ရှုပ်တယ်။”

ပန်မတ်မီးကျေးရွာအုပ်စုထဲမှာ တချို့က အိမ်ပြန်ရောက်တာ ၂ - ၃ ရက်ပဲရှိပြီး အိမ်အလုပ် ဘာမှမလုပ်ရသေးဘဲ ပန်လောင်းဝမ့်ရွာလမ်းခင်းဖို့ လိုက်သွားရတယ်လို့ ဆိုပါတယ်။ 

ကျောက်မဲမြို့နယ်က စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ အဖွဲ့ဝင်တစ်ဦးကလည်း ခုတပတ်တွင်း စစ်ဘေးရှောင် ၃၀၀ ခန့် ရွာပြန်သွားတာရှိကြောင်း၊  သူတို့မပြန်ရင် TNLA က အိမ်နဲ့လယ်ယာခြံတွေ သိမ်းယူမယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ပြန်သွားတာဖြစ်ပြီး မိုင်းတင်းစစ်ရှောင်စခန်းက ပန်ကွမ်ရွာသား ၂၀၀ ကျော်လည်း ခုရက်ပိုင်းတွင်း  အိမ်ပြန်တော့မယ်လို့ ဆိုပါတယ်။ 

တအာင်းအမျိုးသားတပ်မတော် (TNLA)၊  ရှမ်းပြည်တပ်မတော် (SSPP/SSA)  တို့ ပါဝင်တဲ့ တပ်ပေါင်းစုနဲ့  RCSS/SSA ရှမ်းပြည်တပ်မတော်တို့ဟာ မနှစ်ဇွန် - ဇူလိုင်လကတည်းက ကျောက်မဲမြို့နယ် တော့ဆန်၊ ဟူးကွက်၊ ပန်ကွမ် အစရှိတဲ့ ကျေးရွာအုပ်စုတွေထဲမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး ထောင်နဲ့ချီတဲ့ရွာသားတွေ စစ်ဘေးရှောင်ခဲ့ကြရပါတယ်။ 

အဆိုပါတိုက်ပွဲတွေမှာ RCSS/SSA က ဆုတ်ခွာပေးခဲ့ပြီး တိုက်ပွဲငြိမ်သွားပေမယ့် TNLA စစ်သားတွေက ရွာထဲဝင်ရောက်နေထိုင်နေလို့  ရွာသားအချို့က မပြန်ရဲသေးဘူးလို့ ဆိုပါတယ်။ 

ကျောက်မဲစစ်ဘေးရှောင်တွေအနက် ၅၀၀ ကျော်ဟာ နေရပ်မပြန်တော့ဘဲ လွန်ခဲ့တဲ့ ၃ လလောက်က ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူ နဲ့ အင်တော ကျေးရွာဘက်ကို တိမ်းရှောင်လာကြပါတယ်။

အဲဒီမှာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ယာယီနေစရာတွေ လုပ်ထားပေးပေမယ့်  ပြီးခဲ့တဲ့ရက်ပိုင်းက အဲဒီမှာတိုက်ပွဲတွေ ဖြစ်လာတာမို့ ဘယ်ကိုဆက်ရှောင်ရမှန်းမသိဘဲ ဖြစ်နေကြတယ်လို့  ကျောက်ဂူဒေသခံက ဒီဗွီဘီကို ပြောပါတယ်။ 

စစ်ဘေးရှောင်ရွာသားတွေကို အဓမ္မလုပ်အားပေးခိုင်းတာနဲ့ ပတ်သက်ပြီး TNLA ဘက်ကိုတော့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013