DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကူးစက်မှုပြန်လည်မြင့်တက်ချိန် ရုပ်ရှင်ရုံများ ပြန်ဖွင့်ရန် စစ်ကောင်စီ ဖိအားပေး
DVB
·
February 11, 2022
ကိုဗစ်-၁၉ ကူးစက်မှုပြန်လည်မြင့်တက်ချိန် ရုပ်ရှင်ရုံများ ပြန်ဖွင့်ရန် စစ်ကောင်စီ ဖိအားပေး
Donate to DVB

ရန်ကုန်နဲ့ မန္တလေးက ရုပ်ရှင်ရုံတွေကို ပြန်လည်ဖွင့်လှစ်ပြသနိုင်ဖို့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေကို စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဖိအားပေးကာ ရုံတင်ဖို့ကျန်ရှိနေတဲ့ ရုပ်ရှင်ကားတွေကို ပြသခိုင်းနေပါတယ်။

ကိုဗစ်ကာလကတည်းက ပိတ်ထားခဲ့ရတဲ့ ရုပ်ရှင်ရုံတွေဟာ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ပြန်လည်မဖွင့်လှစ်နိုင်ခဲ့ဘဲ ပိတ်ထားခဲ့တာ ၂ နှစ်နီးပါး ကြာမြင့်သွားခဲ့ပါပြီ။

စစ်ကောင်စီဟာ ရပ်တန့်နေတဲ့ ရုပ်ရှင်ရုံတွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အကြိမ်ကြိမ် ဖိအား ပေးနေပြီး ပြသဖို့ ကျန်ရှိနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို လာရောက်ပြသကြဖို့ ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေကိုလည်း အကြိမ်ကြိမ် ဖိအားပေးနေတာပါ။ 

ဖေဖော်ဝါရီ ၁၀ ရက်မှာတော့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေကို ရုပ်ရှင်အစည်းအရုံးအစည်းအဝေးခန်းမကို ဖိတ်ခေါပြီး ရုံတင်ဖို့ ကျန်ရှိတဲ့ ဇာတ်ကားတွေကို ပြသဖို့ ဖိအားပေး ခြိမ်းခြောက်ခဲ့တယ်လို့လည်း အနုပညာအသိုင်းအဝိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီ မင်္ဂလာရုံတွေ ဂျန်းရှင်းတို့ ဘယ်နှစ်ရုံဖွင့်နိုင်မလဲဆိုတာ ၁၅ ရက်နေ့ ခေါ်မေးမှာ၊ ဘယ်နှစ်ရုံ ဖွင့်နိုင်မလဲဆိုတာပဲ ပြောရမှာ မဖွင့်ဘူးလို့ ပြောလို့ မရဘူး။ ဖွင့်နိုင်သလောက်ဖွင့်ကို ဖွင့်ရမယ်။ ပြစရာကား မရှိဘူးလို့ မပြောနဲ့ ဗိုလ်ချုပ်ရုပ်ရှင်နဲ့ပြ။ ထုတ်လုပ်သူတွေကို ခေါ်ပြီးကျပ်ထားတယ် အဲဒီထဲကနေ ဘယ်နှစ်ကားရှိလဲ မဖြစ်မနေ ပြကို ပြရမှာ”

ရုံတင်ပြသဖို့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သူတွေ၊ ဒါရိုက်တာတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြောင့် ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပြီး ထွက်ပြေး တိမ်းရှောင်နေရသူတွေလည်း ရှိနေတဲ့အတွက် သူတို့ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကလွဲလို့ ကျန်တာကို အရင်ပြသကြဖို့၊ ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့သူတွေ ပါဝင်တဲ့ ဇာတ်ကားတွေကိုလည်း ပြသနိုင်အောင် ပြန်လည်စိစစ်ပေးမယ်လို့ ပြောဆိုကြောင်း သိရပါတယ်။

ထုတ်လုပ်သူ လုပ်ငန်းရှင်တချို့ကိုလည်း ရုပ်ရှင်ထုတ်လုပ်ရိုက်ကူးနိုင်ဖို့ ချေးငွေပေးတာမျိုးတွေ ရှိပေမယ့် အများစုကတော့ ချေးငွေကို မယူကြဘူးလို့လည်း သိရပါတယ်။ 

ဒါ့အပြင် ထုတ်လုပ်သူအများစုကတော့ အနုပညာရှင်တွေ အခုလို ဖမ်းဆီးခံနေရချိန်မျိုးတွေမှာ ဇာတ်ကားတွေကို ရုံတင် မပြသချင်ကြဘူးလို့ သိရပါတယ်။

“ထုတ်လုပ်သူ တော်တော်များများက ဒုက္ခရောက်နေသူတွေ ရှိပါတယ်။ ဒေါင်းပါနေတယ် ပိုင်းဖြိုးသု ပါနေရင် ပြေတီဦး အိန္ဒြာကျော်ဇင်တို့ပါနေတယ်ဆိုရင် သူတို့က ပေးပြမှာလား။ အဲ့လိုမျိုးရှိတယ်။ တချို့ ရုပ်ရှင်လောကသ တော်တော်များများက သူတို့ကားတွေကို မပြချင်ဘူးလို့ တရားဝင်ပြောထားပြီးသား ဒါပေမယ့် ရုပ်ရှင်ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းတို့ကလည်း သူတို့ကို အရမ်းခိုင်းနေတော့ သူတို့ကလည်း ဖိအားတွေ ပေးနေတယ်။ အခု မပြရင် နောင်တသက်လုံး မပြရတော့ဘူးလို့ ပြောလာတာ။ တကယ်တော့ ထုတ်လုပ်သူတွေက ဘယ်ပြချင်မလဲ အခုပြရင် သူတို့က ရှုံးမှာလေ။ ဒါပေမယ့် အတင်းဖိအားတွေ ပေးနေတော့ သူတို့ ပြရတော့မှာပေါ့”လို့ ထုတ်လုပ်သူ တစ်ဦးက ပြောပါတယ်။

ကိုဗစ်ပထမလှိုင်း ဖြစ်ခဲ့တဲ့ ၂၀၂၀ မတ် ၁၃ ရက်ကတည်း ရုပ်ရှင်ရုံတွေကို လူစုလူဝေး မဖြစ်စေဖို့ ပိတ်ခဲ့တာဖြစ်ပါတယ်။ 

အခုချိန်မှာလည်း ကိုဗစ်ရောဂါပိုး ဗီဇမျိုးကွဲ အိုမီခရွန်ကလည်း ပြန်လည် ကူးစက်နေတာကြောင့် ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ဖို့ဆိုတာ မဖြစ်နိုင်သေးသလို ရုပ်ရှင်ဒါရိုက်တာတွေကိုတော့ ခေါ်ယူတွေ့ဆုံပြီး ဖိအားပေးတာမျိုး မရှိသေးဘူးလို့လည်း ဒါရိုက်တာတစ်ဦးဖြစ်သူက ပြောပါတယ်။

“ကျနော်တို့ ဒါရိုက်တာတွေကို ဘာမှ မဖိတ်သေးဘူး။ ဘာမှ မကြားသေးဘူး အိုမီခရွန်ကလည်း များနေတော့ ဖွင့်ဖို့ဆိုတာကလည်း မလွယ်ပါဘူး အိုမီခရွန်ကြောင့်လေ။” ဟု ဒီဗွီဘီကို ပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ရုပ်ရှင်အစည်းအရုံးအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ညီညီထွန်းလွင်နဲ့ အဖွဲ့ဝင်တွေ အားလုံးနုတ်ထွက်ခဲ့တဲ့အတွက် လစ်လပ်သွားတဲ့နေရာကို စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ဒါရိုက်တာ ဦးကြည်စိုးထွန်းကို ဒီဇင်ဘာလ ၂၀၂၁ ခုနှစ်မှာ ရုပ်ရှင်အစည်းအရုံးအမှုဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပါတယ်။

အရင်နုတ်ထွက်ခဲ့ကြတဲ့ ရုပ်ရှင်အစည်းအရုံးအမှုဆောင်အဖွဲ့ဟာ ရုပ်ရှင်လောကသားတွေရဲ့ ဆန္ဒမဲနဲ့ ရွေးကောက်တင်မြောက်ခံရတာ ဖြစ်ပြီး အခုချိန်မှာတော့ ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့ကို စစ်ကောင်စီအလိုကျ ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013