တနင်္သာရီတိုင်း မြို့နယ် ၄ မြို့နယ်မှာ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ၅၀၀၀ ကျော်ရှိလာပြီဖြစ်ပြီး စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေရတဲ့ ပြည်သူတွေကို အကူအညီပေးဖို့ တနင်္သာရီအခြေစိုက်ကျောင်းသားသမဂ္ဂများကွန်ရက်က အလှူခံတဲ့ ကန်ပိန်းပြုလုပ်နေပါတယ်။
“တနင်္သာရီစစ်ဘေးရှောင်အရေး ငါတို့အားလုံးပါဝင်ပေး” ဆိုတဲ့ ခေါင်းစဉ်နဲ့လှုပ်ရှားနေကြပြီး ပြည်သူတွေ တစ်ဦးချင်းစီအနေနဲ့ ကျပ် ၂၀၀၀ လောက်သာ လှူပါဆိုတဲ့ ခေါင်းစဉ်နဲ့ မေတ္တာရပ်ခံ နှိုးဆော်နေတာဖြစ်တယ်လို့ အဆိုပါ လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကျောင်းသားတွေက ပြောပါတယ်။
လက်ရှိ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေ အဓိက လိုအပ်နေသလို ဆေးဝါးကျွမ်းကျင်သူတွေလည်း လိုအပ်နေတယ်လို ဆိုပါတယ်။
လှူဒါန်းချင်တဲ့ ပြည်သူတွေအနေနဲ့ အလှူငွေတွေကို ဖေဖော်ဝါရီ ၁၁ ရက် နောက်ဆုံးထားပြီး Tanintharyi Region University Student Unions' Network ဆိုတဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာ ကတဆင့်လှူဒါန်းနိုင်သလို တနင်္သာရီဒေသအတွင်းက တက္ကသိုလ်အသီးသီးမှာရှိတဲ့ကျောင်းသား သမဂ္ဂတွေကိုလည်း ဆက်သွယ်ပြီး အဲဒီကနေတဆင့် လှူဒါန်းနိုင်တယ်လို ဦးဆောင်သူတွေက ပြောပါတယ်။
ဒေသတွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် တနင်္သာရီတိုင်းထဲက ထားဝယ် ၊ ရေဖြူ ၊ သရက်ချောင်း၊ ပုလော ၊ တနင်္သာရီ စတဲ့မြို့နယ်တွေရှိ ကျေးရွာတချို့က ပြည်သူတွေက စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။