
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ထောင်လောင်ပွန်ကျေးရွာက ခမီလူမျိုး အမျိုးသား ၂ ယောက်ဟာ ဇူလိုင် ၁၂ ရက်က လယ်ကပြန်လာချိန်မှာ ရေကြီးမှုကြောင့် ချောင်းရေစီးနဲ့အတူ မျောပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ စမ္မတီးချောင်းဒေသမှာရှိတဲ့ ထောင်လောင်ပွန်ကျေးရွာက အမျိုးသား ၃ ယောက်ဟာ ရွာရဲ့ တဖက်ကမ်းရှိ လယ်ကွင်းတွေက လယ်လုပ်ပြီး အပြန် ချောင်းကူးကြစဉ် ၂ ယောက်ဟာ ရေစီးနဲ့အတူ မျောပါသွားတာဖြစ်ပြီး ၁၃ ရက်နေ့မှာ အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပုဏ္ဏားကျွန်းဒေသခံ ခမီအမျိုးသားတယောက်က ပြောပါတယ်။
“သူတို့က ပုံမှန် ရွာရဲ့ ချောင်းတဖက်ကမ်းမှာ လယ်သွားလုပ်နေကြတဲ့သူတွေ။ အခင်းဖြစ်တဲ့နေ့က ချောင်းရေက ကြီးလာပြီး ရေစီးသန်မှုနဲ့အတူ မျောပါသွားကြတာလို့ သိရတယ်။ ၃ ဦးမှာ တဦးက ကူးလို့ ရောက်လိုက်တယ်။ နောက်ထပ် ၂ ဦးကတော့ ရေစီးနဲ့ မျောပါသွားပြီး သေဆုံးသွားတယ်။ အလောင်းတွေကိုတော့ နောက်တရက် ၁၃ ရက်နေ့မှာ ရွာနဲ့ တမိုင်ကျော်အကွာမှာ ရှာတွေခဲ့တာ။”
သေဆုံးသွားသူတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ထောင်လောင်ပွန်ကျေးရွာက အသက် ၃၅ နှစ်အရွယ် ဦးမောင်မောင်သန်းနဲ့ အသက် ၁၉ နှစ်အရွယ် ကိုအောင်ပိုင်တို့ ဖြစ်ကြပြီး ရေကြီးမှုကြောင့် ရေစီးသန်တဲ့ ချောင်းရေနဲ့အတူ မျောပါသွားတာလို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ဇူလိုင် အစောပိုင်းကတည်းက မိုးအဆက်မပြတ် ရွာသွန်းလို့ ဇူလိုင် ၇ ရက်ကနေ ၁၃ ရက်အထိ ရေကြီးရေလျှံခဲ့ပြီး မြို့နယ် ၄ ခုထက်မနည်းက သေဆုံးသူ ၇ ယောက်ထက်မနည်း ရှိနိုင်တယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ စမ္မတီးချောင်းဒေသမှာ ဇူလိုင် ၈ ရက်ကနေ ၁၃ ရက်အထိ ရေကြီး၊ ရေလျှံဒဏ်ကို ရင်ဆိုင်ခဲ့ကြရပြီး ကျေးရွာပေါင်း ၂၀ နီးပါးဟာ ရေနစ်မြုပ်ခဲ့ကြတာလို့ နောက်ထပ် စမ္မတီးချောင်း ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“စမ္မတီးချောင်း ဒေသတခုလုံး ရေကြီးမှုဒဏ်ကို ခံခဲ့ကြရတယ်။ မိုးသည်းထန်စွာ ရွာတာနဲ့ တောင်ကျရေ ကျလာတော့ ဒေသတွင်း ကျေးရွာ ၂၀ နီးပါး အားလုံး ရေနစ်မြုပ်မှုရှိခဲ့တယ်။ ဒေသခံ ၂ ဦး သေဆုံးမှုရှိတယ်။ တောင်ကျရေတွေက ရေစီးတအားသန်တော့ ရေစီးနဲ့အတူ မျောပါသွားတာလို့ သိရတယ်။”
ရခိုင်ပြည်နယ်မှာ ဇူလိုင် ၆ ရက်ကနေ ၁၃ ရက်အထိ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ သံတွဲ၊ ရမ်းဗြဲ၊ ဂွနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။










