DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၁ နှစ်တာကာလ စစ်ကိုင်းတိုင်းတွင် အပြစ်မဲ့ပြည်သူ ၄၀၀ ကျော် အသတ်ခံရ
DVB
·
February 9, 2022
စစ်အာဏာသိမ်း ၁ နှစ်တာကာလ စစ်ကိုင်းတိုင်းတွင် အပြစ်မဲ့ပြည်သူ ၄၀၀ ကျော် အသတ်ခံရ
Donate to DVB


စစ်အာဏာသိမ်းပြီး ၁ နှစ်တာကာလအတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၄၂၃ ယောက်ကျော်ကို အကြမ်းဖက် သတ်ဖြတ်ခဲ့ပါတယ်။ 

အစုလိုက်အပြုံလိုက်မီးရှို့သတ်တာ၊ ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်တာ၊ စစ်ကြောရေးမှာ နှိပ်စက်သတ်ဖြတ်တာတွေကို စစ်ကောင်စီက ကျူးလွန်ခဲ့ပါတယ်။ 

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ တစ်နှစ်တာကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ အပြစ်မဲ့ပြည်သူ ၁၅၂၉ ယောက်ကျော်ကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့တာပါ။ 

စစ်ကိုင်းတိုင်းထဲမှာတော့ တစ်နှစ်နီးပါးကာလအတွင်း အပြစ်မဲ့ပြည်သူ ၄၂၃ ဦးကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP ရဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။ 

စစ်ကိုင်းတိုင်းထဲမှာ ကလေးမြို့နယ်ဟာ စစ်ကောင်စီရဲ့ ပြည်သူအများဆုံး သတ်ဖြတ်တာခံထားရတဲ့ မြို့နယ်ဖြစ်ပြီး ပြည်သူ ၇၅ယောက်အထိ အသတ်ခံထားရပါတယ်။ 

ကနီမြို့နယ်မှာတော့ ပြည်သူ ၆၃ ယောက်အထိ အသတ်ခံထားရပြီး မုံရွာမြို့နယ်မှာတော့ ပြည်သူ ၃၆ ယောက်အထိ အသတ်ခံထားရပါတယ်။ ဒီစာရင်းတွေဟာ AAPP က အချက်အလက်ကောက်ယူ အတည်ပြု နိုင်တဲ့စာရင်းတွေသာဖြစ်ပြီး လူမသိသူမသိ စာရင်းမဝင်ဘဲ သတ်ဖြတ်ခံထားရသူတွေလည်းရှိနိုင်ပါသေးတယ်။ 

စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်တာတွေကို ဆက်လက်ကျူးလွန်ဦးမှာဖြစ်သလို ဒေသခံနိုင်ငံရေးသမားတွေကလည်း စာရင်းတွေအတိအကျအခိုင်အမာ မှတ်တမ်းယူပြီး နိုင်ငံတကာဥပဒေတွေနဲ့အညီ စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ဖို့ ကြိုးစားနေတယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီ ကိုခန့်ဝေဖြိုးက ပြောပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း ၃၇ မြို့နယ်ထဲက ၃၁ မြို့နယ်မှာ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ပါတယ်။ 

တစ်နိုင်ငံလုံးမှာ အပြစ်မဲ့သတ်ဖြတ်ခံရတဲ့ပြည်သူ ၄ ပုံ ၁ ပုံကျော်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။ 

သပိတ်မှာပါဝင်သူတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ အစုလိုက်အပြုံလိုက်မီးရှို့သတ်တာ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာ၊ ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်တာ၊ ဝမ်းဗိုက်နဲ့ရင်အုံကို ထုတ်ချင်းပေါက်ပစ်ခတ်သတ်ဖြတ်တာ၊ စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ရင်း လက်လွန်သေဆုံးတာ စတဲ့ပြစ်မှုတွေကို စစ်ကောင်စီက ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် အသက်မသေပေမယ့် ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့ရသူ အများအပြားရှိခဲ့ပေမယ့် စာရင်းအတိအကျကိုတော့ ကောက်ယူဖို့ခက်ခဲနေတယ်လို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးကို ခရိုင် ၁၁ ခုနဲ့ ဖွဲ့စည်းထားပြီး မြို့နယ်ပေါင်း ၃၇ မြို့နယ်၊ မြို့ပေါင်း ၅၀၊ ရပ်ကွက်ပေါင်း ၂၇၁ ခု၊ ကျေးရွာအုပ်စု ၁၇၅၅ အုပ်စုနဲ့ ရွာပေါင်း  ၅၉၉၁ ရွာ တည်ရှိပါတယ်။ 

စစ်ကောင်စီဟာ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တာအပြင် ကျေးရွာပေါင်းများစွာကိုလည်း မီးရှို့အနိုင်ကျင့် ခြိမ်းခြောက်ခဲ့ပါတယ်။ 

စစ်ကိုင်းဒေသခံပြည်သူတွေကတော့ စစ်ကောင်စီရဲ့အကြမ်းဖက်သတ်ဖြတ်တာတွေ၊ ရွာတွေကို မီးရှို့တာတွေအတွက် နိုင်ငံတကာက ဘယ်အချိန်အထိ အရေးမယူဘဲ ကြည့်နေမှာလဲလို့ ပုလဲမြို့နယ်နေ လှော်ကားကြီးကျေးရွာသူတစ်ဦးက မေးခွန်းထုတ်ပါတယ်။

AAPP ရဲ့မှတ်တမ်းတွေအရ မတ်လ ၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့က သပိတ်တွေမှာပါဝင်ခဲ့တဲ့ စာရေးဆရာမ မြင့်မြင့်ဇင် (ခေါ်) ကြည်လင်းအေးအပါအဝင် ၉ ဦးကို စစ်ကောင်စီက အစောဆုံးအနေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ 

AAPP ရဲ့ မှတ်တမ်းတွေအရ ဇန်နဝါရီ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇနဖျင်းကျေးရွာမှာ နေထိုင်တဲ့ ဦးကျော်ဆွေဟာ စစ်ကိုင်းတိုင်းအတွင်းမှာ နောက်ဆုံး ပစ်ခတ်သတ်ဖြတ်ခံထားရသူဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ဆန္ဒပြပြည်သူအများအပြားကို စစ်ကောင်စီက မုံရွာအကျဉ်းထောင်မှာ ထိန်းသိမ်းထားတာပါ။ 

နွေဦးတော်လှန်ရေးကာလအတွင်း မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးခံရသူအရေအတွက်ဟာလည်း အကျဉ်းသား စုစုပေါင်းရဲ့ ၃ပုံ ၂ ပုံလောက်ရှိနေပြီး ထောင်အာဏာပိုင်တွေက အနိုင်ကျင့်နှိပ်စက်တာ၊ တိုက်ပိတ်တာ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ပြုလုပ်နေတယ်လို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ ၁ ယောက်၊ ကလေးမြို့နယ်မှာ ၇၅ ယောက်၊ မင်းကင်းမြို့နယ်မှာ အယောက်၂၀၊ကသာမြို့နယ်မှာ ၁ ယောက်၊ အင်းတော်မြို့နယ်မှာ ၁ယောက်၊ ထီးချိုင့်မြို့နယ်မှာ ၇ ယောက်၊ ကောလင်းမြို့နယ်မှာ ၉ ယောက်၊ ပင်လယ်ဘူးမြို့နယ်မှာ ၃ ယောက်၊ ကန့်ဘလူမြို့နယ်မှာ ၆ယောက်၊ ကျွန်းလှမြို့နယ်မှာ  ၃ ယောက်၊ မုံရွာမြို့နယ်မှာ ၃၆ယောက်၊ အရာတော်မြို့နယ်မှာ ၉ ယောက်၊ ချောင်းဦးမြို့နယ်မှာ  ၃ ယောက်၊ ဘုတလင်မြို့နယ်မှာ ၄ ယောက်၊ စစ်ကိုင်းမြို့နယ်မှာ ၆ ယောက်၊ မြင်းမူမြို့နယ်မှာ ၂ ယောက်၊  မြောင်မြို့နယ်မှာ ၁၁ယောက်၊ ရွှေဘိုမြို့နယ်မှာ ၃၂ယောက်၊ ရေဦးမြို့နယ်မှာ ၇ယောက်၊ ခင်ဦးမြို့နယ်မှာ ၃၃ယောက်၊ ဝက်လက်မြို့နယ်မှာ ၉ယောက်၊တန့်ဆည်မြို့နယ်မှာ ၂၈ယောက်၊ ဒီပဲယင်းမြို့နယ်မှာ ၁၆ယောက်၊ တမူးမြို့နယ်မှာ ၁၄ယောက်၊ ယင်းမာပင်မြို့နယ်မှာ ၈ယောက်၊ ဆားလင်းကြီးမြို့နယ်မှာ ၁၃ယောက်၊ ပုလဲမြို့နယ်မှာ ၃ယောက်၊ ကနီမြို့နယ်မှာ ၆၃ယောက်၊ စုစုပေါင်း အပြစ်မဲ့ပြည်သူ ၄၂၃ဦးကို အကြမ်းဖက်သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013