DVB Logo
Home
မြန်မာသတင်း
နတ္တလင်းမြို့ ၌ စစ်ကောင်စီတပ်က လူငယ် ၁ ဦးကို ပစ်ခတ်ဖမ်းဆီး
DVB
·
February 9, 2022
နတ္တလင်းမြို့ ၌ စစ်ကောင်စီတပ်က လူငယ် ၁ ဦးကို ပစ်ခတ်ဖမ်းဆီး
Donate to DVB

ပဲခူးတိုင်း၊ နတ္တလင်းမြို့လယ်မှာ ဖေဖော်ဝါရီ ၈ ရက် ညနေ ၆ နာရီလောက်က အကြမ်းဖက်မှုဥပဒေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ လူငယ်တယောက်ကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်။

နတ္တလင်းမြို့နယ် မြို့မရဲစခန်းမှာ လာအဖမ်းခံတဲ့ လူငယ်ကို စစ်ကောင်စီလက်အောက်ခံ ရဲနဲ့စစ်တပ်က    ပစ်ခတ်ခဲ့တာကြောင့် လူငယ်က ထွက်ပြေးသွားပြီး  မြို့လယ် ရန်ကုန်-ပြည် လမ်းမပေါ်က သံဖြူဂိတ်လမ်းစုံအထိ လိုက်လံပစ်ခတ် ဖမ်းဆီးခဲ့တာလို့ နတ္တလင်း ရဲစခန်းအနီးနေထိုင်သူ တယောက်က ပြောပါတယ်။

ပစ်ခတ်ဖမ်းဆီးခံရတဲ့ မောင်လှိုင်မင်းထွန်းဟာ နတ္တလင်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာကဖြစ်ပြီး သူ့ကို စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက  အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ထားတာကြောင့် တိမ်း‌ရှောင်နေခဲ့ရာက အဘိုးဖြစ်သူ ဓားစာခံအဖြစ် အဖမ်းခံနေရလို့ ရဲစခန်းမှာ လာအဖမ်းခံတာလို့ ဆိုပါတယ်။ 

ဒေသခံတယောက်က “ပြီးခဲ့တဲ့ ၂ ရက်လောက်က သူ့ကို ဝင်ဖမ်းတာ မတွေ့တဲ့အတွက် သူ့အဘိုးလုပ်သူကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပါတယ်။ အဲ့ဒါကြောင့် ကာယကံရှင်ကိုယ်တိုင် ရဲစခန်းမှာ အဖမ်းခံဖို့သွားရာမှာ ရဲစခန်းအဝင်ဝမှာ စခန်းထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်က ဗိုလ်မှူးတယောက်က သေနတ်နဲ့  ၇ ချက် ပစ်ခတ်ဖမ်းဆီးဖို့ လုပ်လိုက်တာကြောင့် လူငယ်က ထွက်ပြေးသွားပါတယ်၊ အဲဒီမှာပဲ  သူ့ကိုဆိုင်ကယ်နဲ့ နောက်ကနေလိုက်ဖမ်းတာ နတ္တလင်းမြို့ သံဖြူဂိတ်မီးပွိုင့်မှာ နောက်ထပ် ၅ ချက်လောက်  သေနတ်နဲ့ ထပ်ပစ်၊ ဆိုင်ကယ်နဲ့ တိုက်ပြီး အဲ့ဒီနေရာမှာပဲ ဖမ်းလိုက်ပါတယ်။ အဲ့ဒီနေရာမှာပဲ သွေးအိုင်ထဲမှာ လဲကျသွားတာ မြင်မကောင်းဘူး” လို့ ပြောပါတယ်။

လူငယ်ကို သေနတ်နဲ့လိုက်ပစ်ပြီး ဆိုင်ကယ်နဲ့လိုက်တိုက်တဲ့ စစ်ကောင်စီတပ်က ဗိုလ်မှူးရဲ့ဆိုင်ကယ်လည်း အရှိန်လွန်ကာ လမ်းဘေးမှာရပ်ထားတဲ့ ထော်လာဂျီကိုတိုက်မိလို့  ဗိုလ်မှူးလည်း ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

လိုက်လံပစ်ခတ်စဉ် လမ်းဘေးမှာ သွားလာနေတဲ့ ပေါင်းတည်မြို့နေထိုင်သူ အမျိုးသမီးတယောက်လည်း သေနတ်ကျည်ဆန်ထိမှန်  ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

အသက် ၂၀ အရွယ် မောင်လှိုင်မင်းထွန်းကတော့ သေနတ်နဲ့ပစ်ခံရမှုကြောင့် လက်ယာဘက်လက်မှာ သေနတ်ကျည်ဆန် ဖောက်ထွင်းဒဏ်ရာ ၃ ချက်၊ ချိုင်းအောက်သေနတ်ဖောက်ထွင်းဒဏ်ရာတချက်၊ စုစုပေါင်း ဒဏ်ရာ ၄ ချက်နဲ့ ပြည်မြို့ ခုတင် ၁၀၀ စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မောင်လှိုင်မင်းထွန်းကို အကြမ်းဖက်ဥပဒေ ၅၀(က)၅၄ အမှု မသင်္ကာမှု တရားခံအနေနဲ့ စစ်ဆေးဖို့ပြုလုပ်နေစဉ်  ရဲစခန်းကနေထွက်ပြေးဖို့ လုပ်တဲ့အတွက် ဗိုလ်မှူးထွန်းလင်းအောင် ဦးဆောင်တဲ့အဖွဲ့က လိုက်လံပစ်ခတ်ဖမ်းဆီးတာလို့  ရဲကြေးနန်းမှာတော့ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကလည်း နတ္တလင်းမြို့ Silent Strike မြင်ကွင်းကို Drone နဲ့ ရိုက်ကူးတဲ့သူတယောက်ကို ရဲစခန်းထဲမှာပဲ သေနတ်နဲ့ပစ်ခတ်ပြီး စစ်ကြောရေးလုပ်တာကြောင့်  ခြေထောက်နှစ်ဖက်လုံး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013