
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ အောင်သပြေကျေးရွာသားတယောက်ကို ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ (ARSA) က ပစ်ခတ်ဖမ်းဆီးခဲ့ပြီး နောက်ထပ် ဒေသခံ ၄ ယောက်မှာ ထွက်ပြေး လွတ်မြောက်လာတယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။
အောင်သပြေကျေးရွာသား အမျိုးသား ၅ ယောက်ဟာ ဇူလိုင် ၁၇ ရက်က အောင်သပြေကျေးရွာကနေ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဗန္ဒူလကျေးရွာဈေးကို ကုန်ပစ္စည်း ကယ်ရီပို့ဆောင်ဖို့ အသွားလမ်းမှာ ARSA အဖွဲ့ရဲ့ ချုံခိုတိုက်ခိုက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အမျိုးသားတယောက်မှာ ကျည်ထိမှန်ကာ ဒဏ်ရာနဲ့အတူ ဖမ်းဆီးခံခဲ့ရပြီး ကျန်အမျိုးသား ၄ ယောက်က ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ မောင်တော ဒေသခံက ပြောပါတယ်။
“အောင်သပြေရွာက ရွာသားတယောက်ကို ARSA အဖွဲ့က ပစ်ခတ်ပြီး ဖမ်းဆီးထားတာ ရှိတယ်။ အောင်သပြေရွာသား ၅ ယောက်က ဗန္ဒူလရွာကနေ ကုန်စည်တွေကို ကယ်ရီပို့နေကြတာ။ အဲဒီမှာ ARSA အဖွဲ့ တိုက်ခိုက်တာ ခံရတာဖြစ်ပြီး တယောက်က ဒဏ်ရာနဲ့ ဖမ်းဆီးခံရကာ နောက် ၄ ယောက်က ထွက်ပြေးလွတ်မြောက်လာခဲ့တာ။ ဖမ်းဆီးခံထားရသူကို ဘင်္ဂလားငွေ တာကာ သိန်း ၅၀ နဲ့ ပြန်ခေါ်ဖို့ မိသားစုဝင်တွေကို ဆက်သွယ်ထားတယ်လို့ သိရတယ်။ မရှိဆင်းရဲလို့ ကယ်ရီ ပို့စားနေတာမှာ ဘယ်ကနေ ငွေရနိုင်မှာလဲ။ ဒေသခံတွေနဲ့ ကုန်သည်တွေလည်း စိုးရိမ်နေကြတယ်။”
ပစ်ခတ်ဖမ်းဆီးခံရသူမှာ အောင်သပြေကျေးရွာက ဒိုင်းနက်(သက္ကမ) တိုင်းရင်းသား ဦးထွန်းမောင် (၄၁ နှစ်) ဖြစ်ပြီး ကျန်လွတ်မြောက်လာသူတွေကတော့ အောင်သပြေကျေးရွာသား ဒိုင်းနက်(သက္ကမ)တိုင်းရင်းသား ဦးဘခယာ (အသက် ၅၀ နှစ်)၊ ဦးသာနိုးအောင် (၅၄ နှစ်)၊ ကိုဂျွန်ဂို (အသက် ၂၀ ) နဲ့ သက်တိုင်းရင်းသား ကိုရိုဘီအောင် (၁၈ နှစ်) တို့ဖြစ်ကြပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူတွေရဲ့ ပြောကြားချက်တွေအရ ARSA တပ်ဖွဲ့ဝင် ၃ ယောက်ကို ခြုံခိုတိုက်ခိုက်ပြီး ဖမ်းဆီးသွားတာလို့ မောင်တောဒေသခံတွေက ပြောပါတယ်။
ARSA အဖွဲ့ဟာ မောင်တောမြို့နယ် မြောက်ပိုင်းနဲ့ တောင်ဘူးသီးတောင်မြို့က ကျေးရွာအချို့မှာ ဒေသခံတွေနဲ့ ကုန်သည်တွေကို ချုံခိုတိုက်ခိုက်တာ၊ မိုင်းဆွဲတိုက်ခိုက်တာတွေနဲ့ AA ရဲ့နယ်ခြားစောင့် တပ်ဖွဲဝင်တွေကို အငိုက်ဖမ်းတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်လေ့ရှိတာကြောင့် ဒေသခံတွေ၊ ကုန်သည်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မကြာခဏ ထိခိုက်သေဆုံးမှုရှိကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ARSA အဖွဲ့ဟာ စစ်အာဏာရှင်တပ်နဲ့ မဟာမိတ်တွေဖြစ်ကြသလို မောင်တောနဲ့ ဘူးသီးတောင်မြို့နယ် တိုက်ပွဲတွေမှာ စစ်အာဏာရှင်တပ်နဲ့ ပူးပေါင်းပြီး အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေကို ခုခံတိုက်ခိုက်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။











