
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အူးခီယားမြို့နယ်၊ ကုတုပါလောင် အမှတ်(၈) ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ဩဂုတ် ၂၇ ရက်က ရိုဟင်ဂျာလက်နက်ကိုင်တွေဖြစ်ကြတဲ့ RSO နဲ့ ARA အဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားလို့ ၅ နှစ်အရွယ် ကလေးတယောက်သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြပါတယ်။
အမှတ်(၈) ရိုဟင်ဂျာဒုက္ခသည်စခန်း Camp-E ရပ်ကွက် B-40 နဲ့ B-41 တို့မှာ ဩဂုတ် ၂၇ ရက် ညနေပိုင်းက RSO နဲ့ ARA တပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်ခဲ့လို့ ၅ နှစ်အရွယ် ကလေးတယောက် သေဆုံးကာ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၄ ယောက် ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အတည်ပြုပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်မှာ အသက် ၅ နှစ်အရွယ် မိုဂျာဟစ်ဖြစ်ပြီး ဦးခေါင်းမှာ သေနတ်ဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ ဆေးကုမှုခံယူဖို့ ပို့ဆောင်စဉ်မှာ သေဆုံးခဲ့တာပါ။
သူရဲ့ မိခင်အပါဝင် နောက်ထက် ၇ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ဒဏ်ရာရရှိခဲ့ကြသူတွေကို ကော့ဇ်ဘဇား ဆဒါးဆေးရုံကတဆင့် စစ်တကောင်းဆေးကောလိပ်ကို ရွှေ့ပြောင်း ဆေးကုသမှု ခံယူနေကြရပါတယ်။
ဒုက္ခသည်စခန်းတွင်း ရိုဟင်ဂျာလက်နက်ကိုင်တွေအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားမှုကို အူးခီးယားအခြေစိုက် အမှတ် (၈) လက်နက်ကိုင် ရဲတပ်ရင်း (APBn)ရဲ့ ဒုတိယတပ်မှူး၊ ရဲမှူးကြီး အာဆတ်ဒူဇာမန်က မီဒီယာတွေကို အတည်ပြုပြောပါတယ်။
သေနတ်အချက်ပေါင်း ၁၀၀ နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အနီးအနားက ဒုက္ခသည်တွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက မီဒီယာတွေကို ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက စီးနင်ရှာဖွေနေပါတယ်။
ရိုဟင်ဂျာ လက်နက်ကိုင်တွေဖြစ်တဲ့ RSO၊ ARA၊ ARSA တို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ အခြေစိုက်လှုပ်ရှားနေကြတာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့တွေအချင်းချင်း မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။
ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေဟာ မြန်မာစစ်အာဏာရှင်တပ်နဲ့ မဟာမိတ်ဆက်ဆံရေးရှိကြတဲ့ အဖွဲ့တွေဖြစ်ကြပြီး မောင်တောနဲ့ ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့ကြပြီးနောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဆုတ်ခွားခဲ့ကြတာလည်း ဖြစ်ပါတယ်။
Ref: Dhaka Tribune
Photo: Dhaka Tribune











