DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင် ကောင်းမွန်သည့်လုပ်ငန်းခွင် မရှိတော့ဟု ILO ပြော
DVB
·
February 9, 2022
စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင် ကောင်းမွန်သည့်လုပ်ငန်းခွင် မရှိတော့ဟု ILO ပြော
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တနှစ်အကြာမှာတော့ ကောင်းမွန်တဲ့ လုပ်ငန်းခွင်တွေ မရှိတော့တဲ့အတွက် လုပ်သားစျေးကွက်ကြီးကလည်း ချည့်နဲ့သွားပြီလို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကြောင့် ပြည်တွင်းမှာ နိုင်ငံရေး မငြိမ်သက်မှုနဲ့အတူ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့်လည်း မြန်မာပြည်သူတွေဟာ လူထုကျန်းမာရေး နဲ့ လူမှုစီးပွားရေးမှာ စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရပါတယ်။

ILO ရဲ့ ခန့်မှန်းချက်အရ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်အခြေအနေနဲ့ အာဏာမသိမ်းမီ ၂၀၂၀ အခြေအနေကို နှိုင်းယှဉ်ရာမှာ ၂၀၂၁ ခုနှစ်မှာ အလုပ်လုပ်နိုင်တဲ့အချိန်နာရီက ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့ရပါတယ်။

အဆိုပါပမာဏဟာ အချိန်ပြည့်ဝန်ထမ်း အရေအတွက် ၃ ဒသမ ၁ သန်းရဲ့ အလုပ်လုပ်ချိန်နဲ့ ညီမျှ ပါတယ်။ ဒါကြောင့် အလုပ်လုပ်ချိန်နာရီတွေ ဆုံးရှုံးမှုဟာ အလုပ်အကိုင် ဆုံးရှုံးမှုအပြင် မိမိအရည်အချင်းအောက် နိမ့်တဲ့ လုပ်ငန်းခွင်တွေမှာလည်း လုပ်ကိုင်နေရတာကြောင့် ဖြစ်ပေါ်လာရတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ၂၀၂၁ ခုနှစ်မှာဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အကြမ်းဖက်မှုနဲ့ လုံခြုံစိတ်ချရမှု မရှိတာကြောင့် ကျေးလက်ဒေသမှ လယ်သမားတွေဟာ ပြင်းထန်တဲ့ ရိုက်ခတ်မှုဒဏ်ကို ခံနေရပါတယ်။ သူ့နောက်မှာတော့ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားနဲ့ဧည့်ဝန်ဆောင်မှုလုပ်ငန်းတွေကလည်း အပြင်းထန်ဆုံးရိုက်ခတ်မှုဒဏ်ခံရတဲ့ လုပ်ငန်း အမျိုးအစား စာရင်းထဲမှာ ပါဝင်လို့နေပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO(မြန်မာ)ဌာနမှ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Mr Donglin Li က  “စစ်တပ်အာဏာသိမ်းမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာပြည်ရှိ သန်းပေါင်းများစွာသော အလုပ်သမားတွေဟာ စိတ်မကောင်းဖွယ်ရာ အခြေအနေသို့ ရောက်ရှိခဲ့ရပါတယ်။ ဒါကြောင့် လုပ်သားစျေးကွက်အတွင်း တိုးတက်မှု ရှိခဲ့တဲ့ နှစ်တွေက နောက်ပြန်ဆွဲလျက် ဖြစ်ပေါ်နေတာကို မြင်နေရပါတယ်။ ဒီအတိုင်း ဆက်လက်ဖြစ်နေမယ်ဆိုရင် နိုင်ငံတဝန်း ဆင်းရဲနွမ်းပါးမှု၊ မရေရာ မသေချာမှုတွေ တိုးပြီး ဖြစ်ပေါ်လာမယ့်ဘက်ကို ဦးတည်သွားနိုင်တယ်”လို့ သတိပေး ပြောကြားပါတယ်။

လက်ရှိမှာဆိုရင်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို လေးစားလိုက်နာကြတဲ့ နိုင်ငံကြီးတွေမှ လူသိများတဲ့ (ကုန်အမှတ်တံဆိပ်) Brand ရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေဟာ မြန်မာပြည်က ထွက်ခွာသွားကြပြီး ဖြစ်ပါတယ်။

ဒါကြောင့် စစ်အာဏာသိမ်းပြီးနောက် အထည်ချုပ်လုပ်ငန်းတွေမှာ စစ်ကောင်စီနဲ့ နီးစပ်တဲ့လုပ်ငန်းရှင်တွေက အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေရှိလာသလို   အလုပ်သမားသမဂ္ဂတွေ အနေနဲ့လည်း  အရင်ကလို အားမကောင်းတော့တဲ့အတွက်  အလုပ်သမားတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို လုံးဝမရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက “အခုအခြေအနေက သမဂ္ဂကလည်း အကြမ်းဖက်စစ်အာဏာရှင်လက်အောက်မှာဆိုတော့ အရင်ကလို အားမကောင်းတော့ဘူး။ ဘာလို့လဲဆို စုပေါင်း တောင်းဆိုမှု၊ စုပေါင်းရေးဆိုမှု ဆိုတာတွေက ဒီအချိန်မှာ ဘာမျှ အသက်မဝင်ဘူး ဖြစ်နေတာ။ သမဂ္ဂအနေနဲ့ စုစည်းပြီး တောင်းဆိုဖို့ ဆိုတာက ဒါကလည်း လုပ်လို့ မရဘူး။ ဘာလို့လဲဆို လူ ၅ ယောက်ထက် ပိုမစုရ ဆိုတော့လေ။ ဒီတော့ အလုပ်သမားတွေအတွက် တောင်းဆိုရမယ့် အခွင့်အရေးတွေအားလုံးကို အလုပ်သမားတွေက လုပ်ခွင့်မရကြဘူးဆိုတော့ အလုပ်ရှင်တွေက သူတို့လုပ်ချင်တာတွေ စလုပ်လာတော့တာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အထည်ချုပ်စက်ရုံတွေထဲက အလုပ်အကိုင်ပေါင်း ၂ သိန်းခွဲကျော်ဟာ အလုပ်လက်မဲ့ ဆုံးရှုံးခဲ့ရတယ်လို့ အလုပ်သမားများညီညွတ်ရေးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013