DVB Logo
Home
မြန်မာသတင်း
Yokogawa Bridge ဂျပန်ကုမ္ပဏီ မြန်မာစစ်တပ်နှင့် အဆက်ဖြတ်ရန် တိုက်တွန်း
DVB
·
February 9, 2022
Yokogawa Bridge ဂျပန်ကုမ္ပဏီ မြန်မာစစ်တပ်နှင့် အဆက်ဖြတ်ရန် တိုက်တွန်း
Donate to DVB

ဂျပန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Yokogawa Bridge ကော်ပိုရေးရှင်းအနေနဲ့ မြန်မာစစ်တပ်ပိုင်လုပ်ငန်းနဲ့ ပူးပေါင်းဆောင်ရွက်နေတာကို ရပ်တန့်အဆုံးသတ်ဖို့  လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က   တိုက်တွန်းလိုက်ပါတယ်။ 

ဖေဖေါ်ဝါရီ ၂ ရက်က HRW ရဲ့စာကို တုံ့ပြန်ရာမှာ Yokogawa Bridge ကော်ပိုရေးရှင်းဟာ စစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို ထုတ်ဖော်ပြောကြားဖို့ ငြင်းဆိုခဲ့ပြီး  တိကျတဲ့ လုပ်ငန်းသဘောတူညီချက်တွေအပေါ် မှတ်ချက်မပေးခဲ့ဘူးလို့ ပြောပါတယ်။ 

တကယ်လို့ Yokogawa Bridge ကော်ပိုရေးရှင်းက အဲဒီလိုမလုပ်ရသေးရင် မြန်မာစစ်တပ်ကို အကျိုးအမြတ် မပေးဘဲ MEC နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်းရပ်သင့်တယ်လို့ HRW မှ အာရှပရိုဂရမ်အရာရှိ Teppei Kasai  က ပြောပါတယ်။ 

ဒီလိုမရပ်တန့်ရင်တော့ ဂျပန်ကုမ္ပဏီအနေနဲ့ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို ထောက်ပံ့ကူညီပြီး သူ့ရဲ့နာမည်ဂုဏ်သတင်းကို အန္တရာယ်ဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ် မတ်လက ဂျပန် Yokogawa Bridge Holdings ကော်ပိုရေးရှင်းရဲ့ လက်အောက်ခံ Yokogawa Bridge ကော်ပိုရေးရှင်းဟာ မြန်မာကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်ထောက်ချုပ်ရုံးက ထိန်းချုပ်ထားတဲ့ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း MEC နဲ့ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ၂၀၁၅ ၀င်ငွေစာရွက်စာတမ်းအရ သိရပါတယ်။

ဒါဟာ ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်အတွက် တိုက်ရိုက် ၀င်ငွေရတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။ Yokogawa Bridge ကော်ပိုရေးရှင်းရဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC နဲ့ ချိတ်ဆက်မှုကို ရန်ကုန်၊ မှော်ဘီရှိ MEC စစ်တပ်ကုမ္ပဏီပိုင် သံမဏိစက်ရုံဟာ ဂျပန်အစိုးရ ကျောထောက်နောက်ခံပြု ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းရဲ့သုံးပုံနှစ်ပုံအတွက် သံမဏိတွေ ထောက်ပံ့ပေးနေတယ်လို့ မြန်မာနောင်းသတင်းဌာနကရေးသားဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလမှာတော့ မိခင်ကုမ္ပဏီ Yokogawa Bridge Holdings ကော်ပိုရေးရှင်းဟာ မြေပြင်အခြေအနေကြောင့် တံတားတည်ဆောက်မှုကို ရပ်ဆိုင်းခဲ့ရပြီး လူ့အခွင့်အရေးကို လေးစားတဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ဆောင်မှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

Yokogawa Bridge ကော်ပိုရေးရှင်းနဲ့ သူ့ရဲ့မိခင်ကုမ္ပဏီ Yokogawa Bridge Holdings ကော်ပိုရေးရှင်းတို့ဟာ မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC နဲ့ လက်ရှိလုပ်ငန်းဆိုင်ရာ ဆက်ဆံရေးတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ဖို့ စတင်လုပ်ဆောင်နေတဲ့ အဆင့်တွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိသင့်တယ်လို့လဲ HRW အရာရှိက ပြောကြားခဲ့ပါတယ်။ 

သန်လျင်-ရန်ကုန် အမှတ်(၃)တံတားကို ဂျပန်နိုင်ငံမှ ကုမ္ပဏီတွေဖြစ်တဲ့ Sumitomo Mitsui Construction နှင့် Yokogawa Bridge တို့က Package 1 နှင့် 2 ကို လည်းကောင်း၊ Package 3 ကို  Tokyu Construction တို့ကလည်းကောင်း တာဝန်ယူ တည်ဆောက်ပေးနေတာလို့လည်း သိရပါတယ်။။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013