DVB Logo
Home
မြန်မာသတင်း
တယ်လီနောကုမ္ပဏီ၏ လုပ်ငန်းရောင်းချမှု ပုဂ္ဂိုလ်ရေးလျှို့ဝှက်ချက်ကို ချိုးဖောက်နိုင်
DVB
·
February 9, 2022
တယ်လီနောကုမ္ပဏီ၏ လုပ်ငန်းရောင်းချမှု ပုဂ္ဂိုလ်ရေးလျှို့ဝှက်ချက်ကို ချိုးဖောက်နိုင်
Donate to DVB

တယ်လီနောမြန်မာရဲ့ ဆက်သွယ်ရေးလုပ်ငန်းကို ရောင်းချမယ့်အစီအစဉ်ဟာ ပုဂ္ဂိုလ်ရေးလျှို့ဝှက်ချက်ကို ချိုးဖောက်မယ့် အန္တရာယ် ဖြစ်စေနိုင်တယ်လို့ဆိုပြီး တယ်လီနော သုံးစွဲသူတယောက်က နော်ဝေးနိုင်ငံရဲ့ အချက်အလက်ကာကွယ်ရေး အာဏာပိုင်အဖွဲ့ဆီ တိုင်ကြားထားပါတယ်။

ဒီလိုရောင်းချတာဟာ သုံးစွဲသူရဲ့ အချက်အလက်တွေကို အန္တရာယ်ရှိတဲ့လွှဲပြောင်းမှု ဖြစ်ပေါ်စေနိုင်တယ်လို့ SANDS နော်ဝေအခြေစိုက် ဥပဒေအကျိုးဆောင် ကုမ္ပဏီကနေ ဖေဖော်ဝါရီ ၇ ရက်က တင်သွင်းခဲ့တဲ့ တိုင်ကြားစာထဲမှာ ဖော်ပြထားပါတယ်။ 

နော်ဝေ အချက်အလက်ကာကွယ်ရေး အာဏာပိုင်အဖွဲ့ဆီ တိုင်ကြားစာထဲမှာ ဒီရောင်းချမှုကို စုံစမ်းစစ်ဆေးပေးဖို့နဲ့ ထိခိုက်ခံရသူတွေရဲ့ အချက်အလက်ဆိုင်ရာ အခွင့်အရေးတွေကို မထိပါးစေဖို့ သေချာစေအောင် တောင်းဆိုထားပါတယ်။

တိုင်ကြားစာထဲမှာတော့ တယ်လီနောက သိမ်းဆည်းထားတဲ့ အချက်အလက်တွေမှာ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ID နံပါတ်၊ မက်ဆေ့ချ်တွေနဲ့ တယ်လီနော သုံးစွဲသူတွေရဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတွေ ပါဝင်နေကြောင်းနဲ့ တယ်လီနောမြန်မာရဲ့တယ်လီကွန်းလုပ်ငန်းကို ဝယ်ယူတဲ့ ကုမ္ပဏီဟာ တယ်လီနောကဲ့သို့ ကိုယ်ရေးကိုယ်တာ အကာအကွယ်တွေ အဆင့်တူညီမှာ မဟုတ်ကြောင်း တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။ 

ဒီကိစ္စမှာ တခြားနည်းပညာနဲ့ တယ်လီကွန်းကုမ္ပဏီတွေကို ထိခိုက်စေတဲ့ နယ်စပ်ဖြတ်ကျော် လျှို့ဝှက်ချက် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ ပါဝင်နေတာပါ။

တယ်လီနောမြန်မာဟာ အချက်အလက်တွေကို အနည်းဆုံးငါးနှစ်စာအထိ သိမ်းဆည်းထားဖို့ လိုအပ်တဲ့ မြန်မာဥပဒေတွေနဲ့အညီ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တယ်လီနောကတော့ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေတွေ ဆိုးရွားလာတာကြောင့် လုပ်ငန်းကို ရောင်းထုတ်ခဲ့ရတာလို့ အကြောင်းပြထားပါတယ်။

တယ်လီနောကတော့ သူ့ကုမ္ပဏီကိုရောင်းချမယ့် အစီအစဉ်အခြေအနေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို မတုံ့ပြန်ပါဘူး။ 

မနှစ်က စစ်အာဏာသိမ်းလိုက်ပြီးနောက်မှာ နော်ဝေးအခြေစိုက် တယ်လီနောအုပ်စုဟာ သူ့ရဲ့လုပ်ငန်းကို လက်ဘနွန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group ဆီကို ရောင်းချမယ်လို့ ကြေညာခဲ့ပါတယ်။

ဇန်နဝါရီလတုန်းကလည်း တယ်လီနောဟာ သူ့ရဲ့ ငွေကြေးနည်းပညာကုမ္ပဏီ Wave Money ကို သူ့ရဲ့အဓိက လုပ်ငန်းပါတနာ Yoma Strategic Holdings ကို ရောင်းချကြောင်း ကြေညာခဲ့ပါတယ်။

Telenor ဟာသူ့ရဲ့ မြန်မာနိုင်ငံတယ်လီကွန်းစီးပွားရေးလုပ်ငန်းကို မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းစုကြီးကို ထက်ဝက်ပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခုသို့ ရောင်းချဖို့ စီစဉ်နေပြီး ဒီလိုရောင်းချပါက တရားမဝင် လူသတ်စစ်ကောင်စီကို ကြွယ်ဝချမ်းသာစေမှာဖြစ်သလို သုံးစွဲနေတဲ့ မြန်မာပြည်သူ ၁၈ သန်းရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို စစ်ရာဇဝတ်ကောင်တွေ လက်အတွင်းသို့ ကျရောက်စေမယ့် အန္တရာယ်ရှိနေတယ်လို့ Justice For Myanmar အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013