DVB Logo
Home
မြန်မာသတင်း
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်စတော့အိပ်ချိန်းစျေးကွက် အကျဘက် ဦးတည်လာ
DVB
·
February 8, 2022
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်စတော့အိပ်ချိန်းစျေးကွက် အကျဘက် ဦးတည်လာ
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်စတော့အိပ်ချိန်းစျေးကွက်မှာ စတော့အညွှန်းကိန်းနဲ့တကွ ရှယ်ယာအရောင်း အဝယ်ပမာဏဟာ တစတစနဲ့ အကျဘက် ဦးတည်လာပါတယ်။

ရန်ကုန်စတော့အိပ်ချိန်းက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ရဲ့ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) နဲ့ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ရဲ့ စတုတ္ထသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) မှာ ရှိခဲ့တဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ရင် စတော့အညွှန်းကိန်းက ၄၀၂ ဒသမ ၁၄ ရှိခဲ့ရာကနေ ၃၉၂ ဒသမ ၈၆ သာရှိလို့ ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းမှု ရှိပါတယ်။

အလားတူ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ရှယ်ယာပမာဏကလည်း ၂၇၉,၃၉၉ ရှိခဲ့ရာကနေ ၁၈၉,၅၇၁ သာရှိလို့ ရာခိုင်နှုန်းအနေနဲ့  ၃၂ ရာခိုင်နှုန်းစွန်းစွန်း လျော့ကျမှုရှိလာပါတယ်။

ဒါကြောင့် စျေးကွက်မှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ရှယ်ယာတန်ဖိုးက ကျပ်သန်းပေါင်း ၁၃၂၉ ဒသမ ၁၆ သန်း ရှိခဲ့ရာကနေ ၉၇၁ ဒသမ ၅၄ သန်းသာ ရှိလို့ ရာခိုင်နှုန်းအနေနဲ့ ၂၆ ဒသမ ၉ ရာခိုင်နှုန်းရှိတာကြောင့် လေးပုံတပုံ ကျဆင်းသွားပါတယ်။

လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး စတော့ရှယ်ယာစျေးကွက်ကျွမ်းကျင်သူတဦးက “ရန်ကုန် စတော့အိပ်ချိန်းမှာ ပုံမှန်တော့ အရောင်းအဝယ်ရှိပါတယ်။ အရောင်းအဝယ်ကတော့ အွန်လိုင်းကနေ တိုက်ရိုက်လုပ်တာဆိုတော့ လူကိုယ်တိုင် လာစရာမလိုဘူးလေနော်။ ကိုယ့်ရဲ့ မိုဘိုင်းဖုန်းထဲမှာ ထည့်ထားပြီး တိုက်တိုက်ကြည့်လို့ရတယ်ဆိုတော့ ဒီအဝန်းအဝိုင်းထဲကို လာစရာမလိုတော့ဘူးပေါ့။ ဒါပေမဲ့ စတော့စျေးကွက် စိတ်ဝင်စားတဲ့ ကျောင်းသားတွေလောက်ပဲ လာပြီး လေ့လာကြတယ်။ အခုတော့ ကိုဗစ်နဲ့ဆိုတော့ ခဏနားထားတယ်။ အရောင်းအဝယ် သွက်တာကတော့ FMI  နဲ့ MTSH ပဲပေါ့။ သူတို့က လူကြိုက်ပိုများလို့လေ။ ဒါကြောင့် အများဆုံးဝယ်တာကလည်း FMI  နဲ့ MTSH ပဲ။ တခြားဟာလည်း ဝယ်တယ်ဆိုပေမယ့် အဲဒီလောက်မများဘူးပေါ့။ ရှယ်ယာတွေက အသစ်ထုတ်တာတော့ မရှိသေးပါဘူး။ အရင်ထုတ်ထာတဲ့ ရှယ်ယာတွေကိုပဲ ပြန်ပြီးတော့ အရောင်းအဝယ် လုပ်ကြတာပါ။ ဒီနှစ်တွေမှာတော့ ကုမ္ပဏီတွေမှာလည်း ရှုံးတဲ့ဟာတွေရှိတယ်လေ။ စတော့စာရင်းဝင်ထားတဲ့ ကုမ္ပဏီ  ၇ ခု မှာ ၂ ခုက ရှုံးတယ်။ ဒါပေမဲ့ မြတ်တဲ့ ကုမ္ပဏီတွေကလည်း အမြတ်ဝေစုကို မခွဲပေးကြဘူး။ MTSH တခုပဲ ခွဲပေးတယ်။ ရှုံးတာက AMATA နဲ့ TMH ကုမ္ပဏီတွေပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်စတော့အိပ်ချိန်းမှာ စာရင်းဝင်စတော့ရှယ်ယာရောင်းချခွင့်ရရှိထားတဲ့ အများပိုင်ကုမ္ပဏီကြီးတွေက FMI ၊ MTSH ၊ MCB ၊ FPB ၊ TMH ၊ EFR နဲ့ AMATA စုစုပေါင်း ၇ ခု ရှိပါတယ်။

လက်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ရဲ့ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) မှာ ကုမ္ပဏီတခုချင်းစီရဲ့ အစုရှယ်ယာရောင်းချနိုင်မှု အခြေအနေမှာ MTSH ကုမ္ပဏီရဲ့ အစုရှယ်ယာက တစုကို ကျပ် ၃၀၀၀ နဲ့ ၃၃၀၀ အကြားမှာရှိပြီး အဆိုပါသုံးလအတွင်းမှာ နေ့စဉ်ရောင်းချနိုင်ခဲ့တဲ့ ရှယ်ယာပမာဏ ၂၂၇၅ ခုရောင်းချနိုင်ခဲ့လို့ ကျပ်သန်းပေါင်း ၄၀၂ သန်းကျော်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

သူ့နောက်မှာ FMI ကုမ္ပဏီက အစုရှယ်ယာတစုကို ကျပ် ၈၀၀၀ နဲ့ ၈၉၀၀ ကျပ်အကြားမှာရှိခဲ့ပြီး နေ့စဉ် ရောင်းချနိုင်ခဲ့တဲ့ ရှယ်ယာပမာဏက ၆၂၂ ခုရှိတာကြောင့် တန်ဖိုး ကျပ်သန်းပေါင်း ၃၀၂ သန်းကျော်နဲ့ ဒုတိယလိုက်နေပါတယ်။

FPB ကုမ္ပဏီက အစုရှယ်ယာတစုကို ကျပ် ၁၉,၀၀၀ နဲ့ ၂၂,၀၀၀ ကျပ်အကြားမှာရှိခဲ့ပြီး နေ့စဉ် ရောင်းချနိုင်ခဲ့တဲ့ ရှယ်ယာပမာဏက ၁၈၆ ခုရှိတာကြောင့် တန်ဖိုး ကျပ်သန်းပေါင်း ၂၁၀ သန်းကျော် ရှိပါတယ်။

EFR ကုမ္ပဏီက အစုရှယ်ယာတစုကို ကျပ် ၂၈၅၀ နဲ့ ၃၁၀၀ ကျပ်အကြားမှာရှိခဲ့ပြီး နေ့စဉ်ရောင်းချနိုင်ခဲ့တဲ့ ရှယ်ယာပမာဏက  ၁၄၀ ခုရှိတာကြောင့် တန်ဖိုး ကျပ်သန်းပေါင်း  ၂၂ သန်းကျော် ရှိပါတယ်။

TMH ကုမ္ပဏီက အစုရှယ်ယာတစုကို ကျပ် ၂၆၀၀ နဲ့ ၂၈၀၀  ကျပ်အကြား မှာရှိခဲ့ပြီး နေ့စဉ် ရောင်းချနိုင်ခဲ့တဲ့ ရှယ်ယာပမာဏ က ၁၀၆ ခုရှိတာကြောင့် တန်ဖိုး ကျပ်သန်းပေါင်း ၁၅ သန်းကျော် ရှိပါတယ်။

AMATA ကုမ္ပဏီက အစုရှယ်ယာတစုကို ကျပ် ၄၉၀၀ နဲ့ ၆၀၀၀ ကျပ်အကြား မှာရှိခဲ့ပြီး နေ့စဉ်ရောင်းချနိုင်ခဲ့တဲ့ ရှယ်ယာပမာဏက ၄၇ ခုရှိတာကြောင့် တန်ဖိုး ကျပ်သန်းပေါင်း ၁၃ သန်းကျော် ရှိပါတယ်။

MCB ကုမ္ပဏီက အစုရှယ်ယာတစုကို ကျပ် ၇၇၀၀ နဲ့ ၈၀၀၀ ကျပ်အကြားမှာရှိခဲ့ပြီး နေ့စဉ်ရောင်းချနိုင်ခဲ့တဲ့ ရှယ်ယာပမာဏက ၉ ခုရှိတာကြောင့် တန်ဖိုး ကျပ် ၄သန်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013