DVB Logo
Home
မြန်မာသတင်း
ကရင်နှင့် ရှမ်းတွင် Hot Dog စားပြီး အစာအဆိပ်သင့်သဖြင့် ကလေးငယ်အချို့ ဆေးရုံတင်ရ၊ ၁ ဦး သေဆုံး
DVB
·
February 8, 2022
ကရင်နှင့် ရှမ်းတွင် Hot Dog စားပြီး အစာအဆိပ်သင့်သဖြင့် ကလေးငယ်အချို့ ဆေးရုံတင်ရ၊ ၁ ဦး သေဆုံး
Donate to DVB

ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ထိုင်းနိုင်ငံထုတ် Hot Dog တွေစားမိပြီး  အစာအဆိပ်သင့်လို့ ကလေးငယ် ၁ ဦး သေဆုံးသွားကာ ကလေးငယ်အချို့ ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့နယ် ရပ်ကွက် ၁ မှာ ဖေဖော်ဝါရီ ၇ ရက် ညနေ ၄ နာရီလောက်က ထိုင်းနိုင်ငံထုတ် Hot Dog ချောင်းစားမိလို့ အစာအဆိပ်သင့်ကာ အော့အန်လာတာကြောင့် ကလေးငယ် ၉ ဦးကို မြို့နယ်ဆေးရုံတင်လိုက်ရပြီး ၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

“ကလေးတွေက ကစားဖော်ကစားဖက် သူငယ်ချင်းတွေပါ။ Hot Dog ချောင်းကိုစုပြီး ကြော်စားကြတာ။ စားပြီးချင်း ဘာမှမဖြစ်သေးပဲ ခဏကြာတော့ အော့အန်ပြီး နှုတ်ခမ်းတွေ ပြာလာလို့ အရေးပေါ်ကားခေါ်ပြီး ဆေးရုံတင်လိုက်ရတယ်” လို့ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ကလေး ၉ ယောက်က အရွယ်စုံတွေဖြစ်ကာ အဲဒီထဲက ၂ နှစ်အရွယ် မိန်းကလေးတစ်ဦးကတော့ ဆုံးသွားပြီး နောက်တယောက်ကိုတော့ အောက်ဆီဂျင် ပေးထားရတယ်လို့  ဆိုပါတယ်။

ဘုရားသုံးဆူမြို့နယ် ဆေးရုံသူနာပြုဆရာမတဦးက “ကလေး ၉ ယောက်တော့ မနေ့က ရောက်လာတယ်။ တစ်ယောက်ကတော့ ဆုံးသွားတယ်။ ကလေးတွေကတော့ သက်သာလာပြီ” လို့ ပြောပါတယ်။

အလားတူ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ဝမ်ဟိုင်းအုပ်စု တွန်ခေါ့ကျေးရွာက မိသားတစ်စုလည်း ထိုင်းကလာတဲ့ အသားချောင်း (Hot Dog) စားသုံးပြီး ရင်ပူတာ၊ အသက်ရှူကြပ်တာတွေ ဖြစ်လာလို့ မနေ့ညက လားရှိုးးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သီပေါလူငယ်လူမှုကူညီရေးအသင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“မနေ့ည ၁၀ နာရီလောက်က သူတို့ကိုယ်တိုင် ကျနော်တို့ဆီ ရောက်လာတာ။ အမေနဲ့ ကလေး ၃ ယောက်၊ ရင်ပူတယ်၊ ဗိုက်လည်းပူတယ်၊ ပြီးတော့ အသက်ရှူကြပ်တယ်ပြောလို့ ကျနော်တို့ အသင်းက လားရှိုးဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်။ ဒီမတိုင်ခင် ညတုန်းက အသားချောင်းတွေ စားခဲ့တယ်လို့ ပြောတယ်။ အစာအဆိပ်သင့်တယ်လို့ ယူဆပါတယ်။ ဆေးရုံရောက်ပြီဆိုတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး။”

အဆိုပါမိသားစုဟာ အသားလုံးနဲ့အသားချောင်းတွေ ကြော်ရောင်းတာဖြစ်ပြီး သူတို့မိသားစုအပြင် လာဝယ်စားတဲ့ တခြားသူတွေလည်း နေမကောင်းသလိုဖြစ်ပေမယ့် အခြေအနေမဆိုးတာကြောင့် ဆေးရုံတင်ရတဲ့အဆင့်မရောက်ဘဲ ကိုယ့်ဘာသာကိုယ်ဆေးမြီးတိုနဲ့ ကုကြတယ်လို့ ဆိုပါတယ်။ 

သီပေါဒေသခံ နောက်တစ်ဦးကလည်း သူတို့ဆီမှာ ထိုင်းကလာတဲ့ ဝက်သားချောင်း၊ ကြက်သားချောင်း၊ အသားလုံးတွေ အရင်ကလည်း စားသုံးနေကျဖြစ်လို့ ဘာမှမဖြစ်ကြောင်းနဲ့ အခုဖြစ်သွားတာက သက်တမ်းလွန်အစာတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ 

အလားတူ ရန်ကုန်မြို့မှာလည်း Hot Dog ချောင်း ကျွေးမိလို့ အစာအဆိပ်သင့်သလိုဖြစ်ပြီး အော့အန်လာတာကြောင့် ဆေးရုံတင်ရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံမှာလည်း ကလေးတချို့ အသားလုံး (လုချင်း) ကြော်စားပြီး မူးဝေအော့အန်လာလို့ ဆေးရုံတင်လိုက်ရပါတယ်။

ဆရာဝန်တွေ ဆေးစစ်ကြည့်အခါ ကလေးတွေဟာ ဓာတုဆေးဝါး အလွန်အကျွံပါတဲ့ အစားအစာတွေ စားသုံးမိလို့ အခြေအနေ ဆိုးဆိုးရွားရွား ကြုံရတာလို့ ဆိုပါတယ်။

အဲဒီနောက် ထိုင်းနိုင်ငံကျန်းမာရေး ဝန်ကြီးဌာက Hot Dog၊ လုချင်း၊ အသားလုံးတွေ ထုတ်လုပ်တဲ့ ချွန်းပူးရီးခရိုင် စက်ရုံကို လိုက်လံစစ်ဆေးကြည့်အခါ ဈေးကွက်ထဲမှာပျံ့နှံ့နေတဲ့ တချို့တံဆိပ်တွေရဲ့ ပစ္စည်းတွေဟာ ကြာရှည်ခံဓာတုဆေးဝါးတွေ အလွန်အကျွံထည့်ထားပြီး တခြားအန္တရာယ်များတဲ့ ဆေးဝါးတွေလည်း ပါဝင်နေလို့ စားသုံးချင်းမပြုကြဖို့ တားမြစ်ပြီး စက်ရုံကိုလည်း ပိတ်သိမ်းလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချွန်းပူးရီးခရိုင်မှာတော့ ဖေဖော်ဝါရီ ၂ ရက်က ကလေးတွေ အသားလုံး၊ အသားချောင်း စားပြီး နေမကောင်းဖြစ်လို့ ထိုင်းနိုင်ငံအစားအစာနဲ့ ဆေးဝါးဌာနနဲ့ စားသုံးသူများကာကွယ်‌ရေး အသင်း တာဝန်ရှိသူတွေက အသားချောင်းလုပ်တဲ့ စက်ရုံကို ရှောင်တခင် သွားရောက်စစ်ဆေးခဲ့ကြပါတယ်။

စစ်ဆေးချက်အရ အဆိုပါစက်ရုံဟာ တရားဝင်မှတ်ပုံတင်ခြင်းမရှိတဲ့အပြင် သန့်ရှင်းမှုမရှိ ညစ်ပတ်စွာထုတ်လုပ်တာ၊ အထားခံ ဓာတုဆေးလွန်ကဲစွာသုံးထားလို့ စက်ရုံကို ပိတ်သိမ်းခဲ့ပါတယ်။ 

အဆိုပါစက်ရုံက ထိုင်းတနိုင်ငံလုံး တင်ပို့ရောင်းချနေတာကြောင့် သတိထားဖို့ သက်ဆိုင်ရာက နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013