DVB Logo
Home
မြန်မာသတင်း
ကိုင်းတွင်းရွာ မီးရှို့ခံရ၊ ပုလဲမြို့နယ်၌ စစ်တပ်က မီးရှို့ခဲ့သည့်ရွာများ အရေးပေါ်အကူအညီ လိုအပ်နေ
DVB
·
February 5, 2022
ကိုင်းတွင်းရွာ မီးရှို့ခံရ၊ ပုလဲမြို့နယ်၌ စစ်တပ်က မီးရှို့ခဲ့သည့်ရွာများ အရေးပေါ်အကူအညီ လိုအပ်နေ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကိုင်းတွင်းရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၄ ရက်နေ့ ည ၇ နာရီလောက်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကနေ ဖေဖော်ဝါရီ ၄ ရက်နေ့ မနက်ခင်းကနေ ထွက်ခွာလာပြီး ညပိုင်းမှာ ကိုင်းတွင်းရွာကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ကိုင်းတွင်းရွာသားတစ်ဦးက “စစ်ကောင်စီတပ်တွေက ကျနော်တို့ ကိုင်းတွင်းရွာလေးကို အခု မီးတွေရှို့နေတယ်ဗျ။ မီးရှို့နေတာက လူနေအိမ်တွေပါဗျ။ သူတို့ဝင်လာလာခြင်း ရွာထဲက လူ‌အချို့ကတော့ ကြောက်လန့်ပြီး ပြေးတဲ့သူတွေရှိတယ်။ အခုရွာကို မီးရှို့တော့ ရွာရှိ လူကုန်ထွက်ပြေးနေကြရပြီဗျ။ ဘယ်သူမှ ကျနော်တို့ရွာကို မကယ်နိုင်ကြတော့ဘူးလားဗျ။ သူတို့ဘာလို့ မီးရှို့တာလဲဆိုတော့ စစ်ပွဲလည်း မဖြစ်ပါဘူးဗျာ။ သူတို့ရှို့ချင်လို့ကို ရှို့တာပါ” လို့ ပြောပါတယ်။

ကိုင်းတွင်းကျေးရွာဟာ အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး မီးရှို့ခံရတာကြောင့် နေအိမ်ဘယ်နှလုံး ပျက်စီးဆုံးရှုံးတယ်ဆိုတာတော့ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

ဇန်နဝါရီ ၃၁ ရက် ည ၈ နာရီလောက်မှာလည်း စစ်ကောင်စီတပ်က ပုလဲမြို့နယ် မွေ့တုံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မွေ့တုံရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်း ၁ နာရီလောက်ကလည်း ပုလဲမြို့နယ် ပန်းရွာကျေးရွာ လူ‌နေအိမ်တွေကို မီးရှို့ခဲ့တာ‌ကြောင့် နေအိမ် ၁၇၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေဟာ နေထိုင်ရေးနဲ့ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေကြတယ်လို့ ဆိုပါတယ်။

နေအိမ်မီးရှို့ခံရတဲ့ ပန်ကျေးရွာနေ အမျိုးသမီးတဦးက  “အခက်အခဲကတော့ အနာဂတ်အတွက် အများကြီးပေါ့။ စစ်ကောင်စီက မီးရှို့လို့ ဘဝမှာစားစရာ၊ နေစရာကိုမရှိတော့ပါဘူး။ အိမ်လည်းပြာကျပြီး တပြားတကျပ်မှ မရှိတော့ဘဲ စားဖို့၊ နေဖို့၊ ဝတ်ဖို့ ကျမတို့ဘဝတူတွေ အများကြီးရှိနေပါတယ်။ ကျမတို့က ပြည်သူထဲက ပြည်သူဖြစ်နေတာကြောင့် အကူညီတွေပေးကြပါဦးလို့ ပြောချင်ပါတယ်။ ကျမတို့က ဘယ်လိုဘဝမျိုးရောက်နေပါစေ တော်လှန်ရေးကို အသက်ပေးပြီး အောင်မြင်အောင် တိုက်ပွဲဝင်သွားမယ်” လို့ ပြောပါတယ်။

ပန်ကျေးရွာဟာ အိမ်ခြေ ၈၀၀ ကျော်လောက်ရှိပြီး လက်ရှိအချိန်မှာ စစ်ကောင်စီက ရွာကို မီးရှို့ခဲတာကြောင့် ကျေးရွာသား ထောင်နဲ့ချီ သောက်သုံးရေအပြင် စားဝတ်နေရေးနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ ပရဟိတသမားတဦးက ပြောပါတယ်။

“လက်ရှိကတော့ မီးဘေးသင့်ပြည်သူတွေကတော့ ကွင်းပြင်တွေ၊ သစ်ပင်အရိပ်အောက်တွေမှာ နေထိုင်နေရတယ်ဗျ။ အခုလို နေထိုင်ရတာကြောင့် အသက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတွက် စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပါတယ်။ စစ်ဘေးရှောင်တွေအတွက် ရေတိုစီမံကိန်းဆိုရင် ဆန်၊ ဆီ၊ ဆားပေါ့ဗျာ။ ရေရှည်စီမံကိန်းဆိုရင် အလှူရှင်တွေရှိမှ ပြန်လည်တည်ဆောက်ရေး အဆင်ပြေမယ်ဗျ။ အခုလို ကျေးရွာတွေကို မီးရှို့နေမယ်ဆိုရင် ပျက်စီးတဲ့ နိုင်ငံတစ်နိုင်ငံသာဖြစ်သွားမယ်ဗျ။ အဲတာကြောင့် သက်ဆိုင်တဲ့သူတွေအနေနဲ့ အတ္တတွေ ဘေးဖယ်ပြီး ညှိနှိုင်းအဖြေးရှာမှသာ ကောင်းမယ်။”

ပန်ကျေးရွာက ဒေသခံတွေဟာ မိရိုးဖလာတောင်သူလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကာ အသက်မွေးဝမ်းပြုနေကြတဲ့ ရွာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလပိုင်းကစတင်ပြီး ပုလဲမြို့နယ်အတွင်း စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး  ဇန်နဝါရီ ၃၁ ရက်နေ့ည‌နေပိုင်းကစတင်ကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013