မကွေတိုင်းဒေသကြီး ဆောမြို့မှာ ဖေဖော်ဝါရီ ၄ ရက်နေ့မနက်ပိုင်းက မြို့နယ်ကြံ့ခိုင်ရေးပါတီရုံး ၊ စည်ပင်ရုံး၊ စိုက်ပျိုးရေးရုံ အပါအဝင် ဌာနဆိုင်ရာ ရုံးတချို့ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ဆောမြို့ပေါ်က ဌာနဆိုင်ရာရုံးအချို့ကို ဒီကနေ့မနက်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်တာလို့တော့ သိရတယ်ဗျ။ ကျနော်သိသလောက်ကတော့ ဆောမြို့ပေါ်က ကြံ့ဖွံ့ရုံး၊ စည်ပင်ရုံးနဲ့ စိုက်ပျိုးရေးရုံးတွေ မီးလောင်းကျွမ်းနေတာတွေ့ရပြီး အသေးစိတ်ကိုတော့ မသိရသေးဘူး” လို့ ဆောမြို့ ဒေသခံတစ်ယောက်က ဒီဗွီဘီ ပြောပါတယ်။
PDF-ဆောရဲ့ပြန်ကြားရေးတာဝန်ခံက “ဆောမြို့မှာ အခြေနေကတော့ထူးပါတယ်။ ကျနော်တို့ သတင်းမထုတ်ပြန်သေးတာပါဗျ။ ကျနော်တို့ မြေပြင်တပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆွေးနွေးပြီးတော့ အသေးစိတ်ကို သတင်းထုတ်ပြန်ပေးသွားမယ်” လို့ ပြောပါတယ်။
ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ ဆောမြို့နယ်ထဲက စစ်ကောင်စီရဲ့ လက်ကိုင်တုတ် ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ ဖေဖောဝါရီ ၅ ရက်နေ့ ည ၁၂ နာရီ နောက်ဆုံးထားပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ ဇန်နဝါရီ ၃၀ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။