ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ ၅ နယ်မြေမှာ စစ်ကောင်စီရဲ့ပူးပေါင်းတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့ တစ်လအတွင်း တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အရာရှိအပါအဝင် ၂၀၀ နီးပါး သေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဖေဖော်ဝါရီ ၂ ရက်မှာ KNU က သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီလအတွင်း စစ်ကောင်စီရဲ့တပ်တွေက KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းကို နယ်မြေကျော်ဝင်ရောက်လာပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်နေတာပါ။
စစ်ကောင်စီရဲ့ တပ်၊ လက်အောက်ခံ နယ်ခြားစောင့်(BGF) တပ်ဖွဲ့တွေနဲ့ KNLA တပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့တပ်ဘက်က ဒုတပ်ရင်းမှူး ၁ ဦးအပါအဝင် ၁၉၄ ဦးသေဆုံးပြီး၊ တပ်ရင်းမှူး ၂ ဦး၊ တပ်ခွဲမှူး ၁ ဦး၊ ဒု တပ်ခွဲမှူး ၁ ဦးနဲ့ ဒုတပ်စုမှူး ၁ ဦး အပါအဝင် ၂၀၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း KNLA ဘက်က ၃ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီရဲ့တပ်တွေက အရပ်သားပြည်သူတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံကျေးရွာသား ၅ ဦးသေဆုံးပြီး၊ ၁၈ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့တပ်ဘက်က မြေပြင်လက်နက်ကြီး အလုံးပေါင်း ၁၈၂ လုံးပစ်ခတ်ခဲ့သလို လေကြောင်းကနေ ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဗုံး ၁၄ လုံး ကြဲချခဲ့တဲ့အတွက် ဒေသခံပြည်သူတွေရဲ့ နေအိမ်၊ အဆောက်အအုံတချို့ ၊ တိရိစ္ဆာန်တွေနဲ့ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာ၊ ဥယျာဥ် ခြံမြေတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း KNLA တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီရဲ့ လူ၊ လက်နက်ခဲယမ်း၊ ရိက္ခာတင်ပို့ရာမှာအသုံးပြုတဲ့ စစ်သုံးယာဉ် ၂၀ စီးနဲ့ မြင်းလား ၄ ကောင်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ လည်း KNU ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။