ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့မှာ စစ်အာဏာသိမ်းတဲ့ ၁ နှစ်ပြည့် တပ်ထောက်ခံပွဲ ဦးဆောင်ပြုလုပ်ခဲ့သူ ၇ ဦးကို အမည်မသိလက်နက်ကိုင်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက စစ်အာဏာသိမ်း ၁ နှစ်ပြည့်အကြို တပ်ထောက်ခံပွဲကို ကိုသန်းဇော်ဦးအပါအဝင် ဒေသခံ ၇ ဦး ဦးဆောင်ပြုလုပ်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီကနေ့အထိ ဘယ်မှာဖမ်းဆီးထားမှန်း မသိရဘူးလို့ ဆိုပါတယ်။
လှိုင်းဘွဲမြို့ခံ တစ်ဦးက “တပ်ထောက်ခံပွဲကို သူတို့ ၇ ယောက်ကဦးဆောင်ပြီးလုပ်ခဲ့တာ။ ပြီးတော့ ဒီကောင်တွေ အိမ်မှာ လဝက ဝန်ထမ်းတွေ၊ တပ်နဲ့ ရဲတွေက အဝင်အထွက်ရှိတယ်။ အမြီးရအမြီးစားနေတဲ့ကောင်တွေ။ တပ်ထောက်ခံပွဲကို ဒေသခံတွေက ဘယ်သူမှမသွားဘူး။ ဖမ်းခံရတာတောင် နည်းသေးတယ်။ အကြမ်းဖက် အားပေးတဲ့ဒလန်တွေ အကုန်ရှင်းပစ်ရမှာ” လို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးခံရသူတွေထဲမှာ မှတ်ပုံတင်ပွဲစား၊ တပ်နဲ့ရဲ သတင်းပေး စတာတွေ ပါဝင်ပြီး လှိုင်းဘွဲမြို့မှာ နေထိုင်သူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက် ည ၈ နာရီလောက်က ဘားအံမြို့နယ်၊ သာမညကျေးရွာမှာ တပ်ထောက်ခံပွဲကို ပူးပေါင်းပါဝင်ခဲ့တဲ့ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးအကူ ဒေသခံ ၃ ဦးဟာ အမည်မသိလက်နက်ကိုင်တစ်စုရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် နိုဝင်ဘာ ၂၁ ရက် နေ့ယ်လောက်မှာ ဘားအံမြို့နယ်၊ ဝဲကရင်ကျေးရွာ သုသာန်အနီးက ခြုံတွေထဲမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။