DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတိုက်ခိုက် သိမ်းယူ
DVB
·
February 3, 2022
ဖားကန့်မြို့နယ်တွင်  စစ်ကောင်စီတပ်စခန်းကို  KIA နှင့် PDF ပူးပေါင်းတိုက်ခိုက် သိမ်းယူ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဂျာရာယန်ရွာရှိ စစ်ကောင်စီတပ်စခန်းတခုကို ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းမှာ KIA နဲ့ PDF တပ်ဖွဲ့တွေပေါင်းပြီး ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်နဲ့ ကာမိုင်းသွားတဲ့လမ်းမှာရှိတဲ့ ဂျန်ကာစစ်စခန်းကုန်းကို မနက် ၅ နာရီလောက်မှာ KIA နဲ့ PDF တပ်ဖွဲ့တွေပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲမှာ နှစ်ဖက် ထိခိုက်သေဆုံးတဲ့ အရေအတွက်ကိုတော့ မသိရသေးပါဘူး။ 

တိုက်ပွဲနဲ့ပတ်သက်ပြီး ကေအိုင်အေနဲ့ နီးစပ်တဲ့ ဖားကန့်ဒေသခံတဦးက "မနက် ၃ နာရီလောက် သွားတိုက်တာ။  KIA နဲ့ KIA တပ်မဟာ(၉) လက်အောက်ခံ PDF အဖွဲ့တွေ ဂျာရာယန်က စစ်ကောင်စီစခန်းကို သိမ်းနိုင်ခဲ့တယ်” လို့ ပြောပါတယ်။  

ဖားကန့်မြို့ခံတဦးကလည်း “မနေ့က လုံးခင်းအဝင်းမှာ ပစ်တာရှိတယ်။ ပစ်ပြီး အဲ့ကောင်တွေ ပြေးသွားတာ သေနတ် တလက်တောင် ပြုတ်ကျကျန်ခဲ့တယ်။ ဒီမနက်မှ အဲ့စခန်းကုန်းကို ဝင်တိုက်တာ အကုန်သိမ်းလိုက်နိုင်တယ်လို့ကြားတယ်”လို့ ပြောပါတယ်။ 

ဖားကန့်မြို့ ဗျူဟာကုန်းပေါ်ကနေလည်း  ဒီမနက် ၅ နာရီခွဲလောက်က  တိုက်ပွဲဖြစ်ပွားရာဘက်ကို လက်နက်ကြီးနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒီမနက် ၃ နာရီခွဲလောက်မှာလည်း  ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာမှာရှိတဲ့ ရဲကင်းစခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်မီးရှို့ဖျက်ဆီးလိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်တွေကို KIA နဲ့ PDF တပ်ဖွဲ့က မကြာခဏတိုက်ခိုက်တာ တွေရှိလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၂ နာရီလောက်က ဖားကန့်မြို့ ဗျူဟာကုန်းပေါ်ကို ရဟတ်ယာဉ်တစ်စီးဆင်းသက်ခဲ့ပြီး ပစ္စည်းလာချသွားတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဖားကန့်-မြစ်ကြီးနားလမ်းဖြစ်တဲ့ လဝါး-ကားမိုင်းလမ်းက မရန်ဂိတ်ကိုလည်း စစ်ကောင်စီဘက်က ပိတ်ထားဆဲဖြစ်ပါတယ်။

ဖားကန့်မြို့နယ်ဟာ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကစပြီး လက်ရှိချိန်ထိ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း နေ့စဉ် လှည့်လည် ဆန္ဒထုတ်ဖော်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013