DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်တွင် တိုက်ပွဲဆက်ဖြစ်၊ မတူပီစစ်ဘေးရှောင် ၅၀၀၀ ကျော် အိန္ဒိယဘက်ထွက်ပြေး
DVB
·
February 3, 2022
ချင်းပြည်နယ်တွင် တိုက်ပွဲဆက်ဖြစ်၊ မတူပီစစ်ဘေးရှောင် ၅၀၀၀ ကျော်  အိန္ဒိယဘက်ထွက်ပြေး
Donate to DVB

တိုက်ပွဲကြောင့် ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် ကျေးရွာပေါင်း ၁၅၀ ကျော်မှာ နေထိုင်တဲ့ ပြည်သူတွေ  အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာ အယောက်  ၅၀၀၀ ကျော်ရှိပြီး ပြည်တွင်းမှာက စစ်ဘေးရှောင်ပြည်သူ  ၃၀၀၀ ကျော် ကျန်ရှိနေတယ်လို့ မတူပီ CDF တာဝန်ရှိသူက ပြောပါတယ်။

ပြည်တွင်းမှာ ကျန်နေခဲ့တဲ့ စစ်ရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်က ရိက္ခာလမ်းကြောင်းဖြတ်တောက်ထားတာကြောင့် စားစရာလုံးဝပြတ်တောက်နေပြီလို့လည်း  မတူပီ CDF တာဝန်ရှိသူက ပြောပါတယ်။ 

မတူပီမြို့နယ်ထဲကနေ စစ်ကား ၈၀ ကျော်ပါဝင်တဲ့ ယာဉ်တန်းဟာ ဇန်နဝါရီ တတိယအပတ်က မင်းတပ်မြို့ဘက်ကို ထွက်ခွာခဲ့ပြီး မတူပီမြို့ပေါ်မှာ စစ်သားအင်အား ၄၀၀ ကျော်ချန်ထားခဲ့ပါတယ်။ အခုရက်ပိုင်းမှာတော့  ပလက်ဝမြို့ကနေ မတူပီမြို့ဘက်ကို အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်း တက်လာလို့  ဒေသတွင်းမှာ  စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။ 

မတူပီ CDF တာဝန်ရှိသူတစ်ဦးက "တိုက်ပွဲကတော့ ထယ်ဘွေးစခန်းနားမှာ နှစ်ဖက်စောင့်ကြည့်ပြီး စစ်ရေးတင်းမာနေတယ်။ ပလက်ဝကနေ မတူပီကိုတက်လာတဲ့ စစ်ကြောင်းက အင်အား ၁၀၀ လောက်ရှိတယ်။ အဲ့ဒီလမ်းကြောင်းက ပလက်ဝမြို့နယ် ကယက်ကျေးရွာကိုရောက်ပြီ။ ပလက်ဝ CDF နဲ့တိုက်ပွဲတွေဖြစ်တော့ CDF ဘက်က တပ်သားတချို့ကျတယ်လို့ ကြားတယ်။ မတူပီဘက်ကို တက်လာတာဆိုတော့ ပလက်ဝလမ်းဘက်မှာလည်း စစ်ရေးတင်းမာမှုဖြစ်နေတယ်။ မတူပီနယ်ထဲကို ဝင်လာဖို့လည်း နီးနေပြီ” လို့ ပြောပါတယ်။

မတူပီမြို့က ထွက်ခွာလာတဲ့ တင့်ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်းဟာ မင်းတပ်မြို့အနီး မိုင်တိုင် ၃၀ ကို ဖေဖော်ဝါရီ ၂ရက်နေ့က ရောက်ရှိနေပါတယ်။

လမ်းတစ်လျှောက်မှာ CDF တွေက ကြားဖြတ်တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တဲ့အတွက် အကွာအဝေး ၁၀၄ မိုင်ရှိတဲ့ မင်းတပ်-မတူပီလမ်းပိုင်းကို စစ်ကောင်စီက ၁၀ ရက်ကျော်အချိန်ယူပြီး သွားလာနေရတာဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ သင်တန်းဆင်းပြီးကာစ တပ်သားအသစ်တွေကို စစ်ကောင်စီက ရှေ့တန်းပို့ပြီး အင်အားတိုးချဲ့နေပါတယ်။ 

စစ်ကောင်စီက ရိက္ခာတင်လာတဲ့ သူတို့ယာဉ်တန်းကို အထိအခိုက်မရှိအောင် မိုင်းရှင်းဖို့ ခြေလျင်တပ်သားတွေကို အရင်လွှတ်ပြီး တောင်ပေါ်တောင်အောက်ရှေ့ပြေးပွိုင့်တွေ စေလွှတ်နေတာကြောင့် ခရီးအချိန်ကြန့်ကြာနေတာလို့ မင်းတပ် CDF တာဝန်ရှိသူက ပြောပါတယ်။ 

ဖေဖော်ဝါရီ ၂ ရက်နေ့ မင်းတပ်မြို့အနီး မိုင်တိုင် ၃၀ မှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်သား ၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

မင်းတပ် CDF တာဝန်ရှိသူတစ်ဦးက “မတူပီဘက်က ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းက သံချပ်ကာ ၂ စီးပါတယ်။ စုစုပေါင်း ၈၃ စီးပေါ့။ အဲ့ဒါကို ကျနော်တို့ မင်းတပ် CDF က ကြားဖြတ်တိုက်ခိုက်နေတာ ၆ ရက်လောက်ရှိပြီ။ စကစက မတူပီကပြန်ထွက်လာတာ ၁၀ ရက်နီးပါးရှိပြီ။ ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်း ၈နာရီခွဲလောက်က မိုင်တိုင် ၃၂ မှာ တိုက်ပွဲဖြစ်တယ်။ စကစ ၃ ဦးလောက်ကျတယ်။ ဒဏ်ရာရတဲ့သူ ၄၊ ၅ယောက်လောက်ရှိမယ်။ ညနေ ၄ နာရီခွဲမှာ နောက်တစ်ကြိမ် မိုင်တိုင် ၃၀ မှာ တိုက်ပွဲထပ်ဖြစ်တယ်။ စကစ ၃ ဦးထက်မနည်း သေဆုံးတယ်။ ပြီးတော့ MA 3 တစ်လက် လက်နက်ရတယ်။ သူတို့ကတော့ မင်းတပ်မှာ CDF တွေအားကောင်းလာတယ်။ ပိုများလာတယ်။ ဒီတော့လက်လွှတ်ရမယ့် သဘောဖြစ်လာတဲ့အတွက် အင်အားထပ်ဖြည့်တာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်ထဲမှာ အင်အားသုံးနယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေသလို စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကိုလည်း ဆက်တိုက်မီးရှို့ပြီး အကြမ်းဖက်နေပါတယ်။ ဇန်နဝါရီ ၃၁ ရက်နေ့က မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ရိုးအောက်ဘက်က ရွာ ၃ ရွာကို မီးရှို့ခဲ့ပြီး အဲ့ဒီအထဲက ဘင်ကျေးရွာမှာ နေအိမ် ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ဘင်ကျေးရွာမီးရှို့ခံရတဲ့အထဲမှာ သက်ကြီးရွယ်အိုတချို့ မီးထဲပါသွားပြီး ပျက်စီးဆုံးရှုံးတဲ့စာရင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

ဘင်ကျေးရွာသားတစ်ဦးကတော့ စစ်ကောင်စီကို ကြောက်ရွံ့စိတ်မရှိဘဲ ရွံမုန်းတဲ့စိတ်ပဲ ရှိတော့တယ်လို့ ပြောပါတယ်။

မင်းကင်းမြို့နယ်၊ ဘင်ကျေးရွာဒေသခံတစ်ဦးက "ကျနော့်အမေက အသက် ၈၇ နှစ်ဗျ။ အိမ်ထဲမှာ ဒီအတိုင်းထားခဲ့ရတာ။ ရွာကိုလည်း ဝင်ဖို့လည်း မဖြစ်နိုင်ဘူးဗျ။ ရွာထဲမှာ သက်ကြီးရွယ်အိုတွေ မျက်စိမမြင်တဲ့သူတွေ လေဖြတ်နေတဲ့သူတွေကျန်ခဲ့တယ်ဗျ။ ကျန်တဲ့သူတွေကတော့ အကုန်လုံးစစ်ဘေးရှောင်ဖြစ်နေတာဗျ။ ဒီကောင်တွေ ဒီတစ်သက်မြန်မာ့မြေပေါ်ကနေ တခါတည်း ချုပ်ငြိမ်းသွားစေချင်တယ်ဗျ။ အိမ်တွေ ယာတွေက ထားပါတော့ဗျာ။ ကျနော့်အမေဆို အသက် ၈၇ နှစ်၊ သွားနိုင်ပါ့မလား မသိပါဘူးဗျာ။ အမေက မသွားနိုင်ဘူးဗျ။ ခြံကလည်း တံခါးတွေက ပတ်ပတ်လည်ပိတ်ထားတာဗျ။ သံဇကာတွေဆိုတော့ တံခါးတောင် မနိုင်မှာ မဟုတ်ဘူးဗျ။ ရွာကတော့ ကုန်သလိုပါပဲဗျာ။ ကျနော်တို့ရွာ ဘာမ‌ေသုံးစားလို့ရတော့မှာမဟုတ်ဘူး။ တစ်ရွာလုံးကုန်ပြီ။ ကျနော်တို့မှာ အကြောက်တရားမရှိပါဘူးဗျ။ မုန်းတာပဲရှိပါတယ်။ ရွံတောင်ရွံနေပါပြီဗျ” လို့ ပြောပါတယ်။ 

ဇန်နဝါရီလကုန်ပိုင်းမှာ ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့မှာ စစ်ကောင်စီက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ထပ်မံပြုလုပ်ခဲ့တာကြောင့် ထန်တလန်မြို့မှာ စုစုပေါင်း နေအိမ် ၉၂၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ 

ထန်တလန်မြို့မှာ အိမ်ခြေ ၁၈၀၀ ကျော်ရှိတဲ့အထဲက ၅၀ ရာခိုင်နှုန်းဟာ မီးရှို့ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ 

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ ခလရ ၂၇၄၊ မတူပီမြို့မှာ ၃၀၄၊ ၁၄၀ စတဲ့ တပ်ရင်း ၃ ရင်းကို စစ်ကောင်စီက ဗျူဟာတစ်ခုအနေနဲ့ပေါင်းထားပြီး တပ်ရင်းတစ်ရင်းကို တပ်သားအင်အား ၄၀ စီ ထပ်ဖြည့်ထားပါတယ်။ 

မင်းတပ်မြို့ပေါ်မှာ တပ်မ ၁၁ နဲ့ တပ်မ ၅၅ လည်းရှိနေပြီး နယ်မြေထိန်းချုပ်ဖို့ စစ်ကောင်စီက သာလွန်အင်အားအသုံးပြုနေတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013