
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝန်းထဲ ဒီနေ့ မတ် ၂၅ ရက် နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲပြီး ကလေး ၂ ယောက်အပါ ၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗုံးပေါက်ကွဲတာကြောင့် ကွတ်ခိုင်မြို့ ဒေသခံ ၃ ယောက်ဖြစ်တဲ့ ဒေါ်အေးရွှေ (၆၃ နှစ်)၊ မောင်နိုင်မင်းထွန်း (၁၃ နှစ်)၊ မဆုကလျာ (၁၀ နှစ်) တို့ ထိမှန်ဒဏ်ရာရတာကြောင့် သိန္နီဆေးရုံဆီ ပို့ဆောင်ကုသပေးနေရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ဒရော့ဗုံးချတုန်းက မပေါက်တဲ့ဗုံးလို့ သိရတယ်။ TNLA တပ်တွေမရှိတော့ ဝင်ပြီးသွားဖယ်လိုက်တော့ ပေါက်ကွဲသွားတာ။ ရုံးဝင်းထဲ ထင်းသွားယူဖို့ အုပ်ချုပ်ရေးရုံးကို ဖုန်းဆက်အကြောင်းကြားတယ်။ အုပ်ချုပ်ရေးရုံးက ရှင်းလင်းရေးမလုပ်ရသေးလို့ မသွားဖို့ပြောတာ။ ရုံးဝင်းအရှေ့ပေါက်က သော့ပိတ်ထားလို့ အနောက်ဘက်ခြုံတွေထဲကနေဝင်ပြီး ထင်းဝင်ကောက်ကြတာ” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ညီနောင်မဟာမိတ်နှစ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပြီး TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် (MNDAA) တိုက်ခိုက်ထိန်းချုပ်လိုက်တာဖြစ်ပြီး အဲဒီပဋိပက္ခမှာလည်း ကွတ်ခိုင်မြို့က အရပ်သားတွေ ထိခိုက်သေဆုံးသူ ရှိခဲ့ပါတယ်။










