
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဇွန် ၁ ရက်က မီးလောင်မှု ဖြစ်ပွားပြီး လူနေအိမ် ၁၅ လုံးထက်မနည်း မီးလောင်ဆုံးရှုံးသွားတယ်လို့ မြေပြင် ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဒီမနက်အစောပိုင်း ၁၂ နာရီ မိနစ် ၅၀ ကျော်လောက်က မြင်းခြံမြို့၊ အမှတ် ၁၂ ရပ်ကွက်မှာရှိတဲ့ အိမ်တလုံးကနေ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး တခြားအိမ်တွေကို မီးကူးစက်ကာ လူနေအိမ် ၁၅ လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။
မြေပြင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူက “မီးလောင်မှု အားကောင်းတယ်။ အိမ်တွေ မနည်း မီးလောင်တဲ့အထဲ ပါသွားတယ်။ မီးလောင်တဲ့အခြေအနေ အသေးစိတ်ကို တာဝန်ရှိသူတွေ စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။
မီးလောင်မှုကို မြင်းခြံခရိုင်၊ မြို့နယ်နဲ့ နယ်မြေ မီးသတ်စခန်းတွေက မီးငြှိမ်းသတ်ယာဉ်တွေ၊ အရန်နဲ့ သန္ဓေမီးသတ်သမားတွေအပြင် လူမှုကူညီကယ်ဆယ်ရေး အဖွဲ့တွေက စုပေါင်းမီးငြှိမ်းသတ်ခဲ့ကြပြီး မနက် ၂ နာရီ မိနစ် ၂၀ ကျော်လောက်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် သစ်အိမ်၊ တိုက်ခံအိမ်တွေ အပါအဝင် နေအိမ် ၁၅ လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ပေမဲ့ လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိဘဲ မီးဘေးသင့် ဒေသခံတွေဟာ နီးစပ်ရာ ဆွေမျိုးတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီနေထိုင်နေရပါတယ်။










