DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ်ကလေးအပါအဝင် ကျဆုံးပြည်သူ ၁၅၀၇ ဦးထိရှိလာ
DVB
·
February 2, 2022
စစ်တပ်ပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ်ကလေးအပါအဝင် ကျဆုံးပြည်သူ ၁၅၀၇ ဦးထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်အကြာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၀၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၁၉၀၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၈၉၉ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၆၆၄ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၂ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီနားမြို့၊ လယ်ကုန်းရပ်ကွက် အမှတ် ၃၀ ရဲတပ်ရင်းမှာ ဖေဖော်ဝါရီ ၁ ရက်မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ရဲတပ်ရင်းနဲ့ ကပ်လျက် နေအိမ်အတွင်းမှာ ရှိနေတဲ့ အသက် ၇ နှစ်အရွယ် မောင်ဘုန်းခန့်ထည်မှာ ရင်ဘတ်ကို ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ သေနတ်ကျည်ဆန်ဟာ အိမ်နံရံကို ဖောက်ဝင်ကာ မောင်ဘုန်းခန့်ထည်ကို ထိမှန်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်ည ၉ နာရီခွဲလောက်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ အင်းဝင် ၁၀ လမ်းထိပ်မှာ အကြမ်းဖက်စစ်အုပ်စုက ကလေးမွေးဖို့  ရက်ပိုင်းသာလိုတော့တဲ့ မချစ်ချစ်ထွန်းကို ပစ်ခတ်ခဲ့တာကြောင့် ဘယ်ဘက်ရင်အုံကို ကျည်ထိမှန်ကာ ဆေးရုံမှာ ကျဆုံးသွားခဲ့ကြောင်း သိရပါတယ်။ မချစ်ချစ်ထွန်းဟာ အင်းဝင် ၁၀ လမ်းထိပ်မှာ ပင်လယ်စာနဲ့ အကင်ဆိုင် ဖွင့်လှစ်ထားသူဖြစ်ပြီး ဆိုင်ရှေ့မှာပဲ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013