
အတုအယောင်ရွေးကောက်ပွဲကနေ သမ္မတလုပ်ဖို့ပြင်နေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ ကြီးမားတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ မဖြစ်လာသရွေ့က နိုင်ငံတကာရဲ့ သဘောထားတွေကလည်း ဒီတိုင်းပဲ ဆက်ရှိနေဦးမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို လက်ကိုင်ထားတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့ အပါအဝင် တရုတ်နဲ့ ရုရှားတို့လို နိုင်ငံတချို့ရဲ့ ထောက်ခံမှုတွေ ရှိနေပေမဲ့ စစ်အုပ်စုရဲ့ တရားဝင်မှုနဲ့ စစ်ခေါင်းဆောင် သမ္မတလုပ်ဖို့ ပြင်နေတဲ့အပေါ် ကန့်ကွက်နေတဲ့ နိုင်ငံနဲ့ အဖွဲ့အစည်းတွေလည်း ရှိနေပါတယ်။
နိုင်ငံရေးလေ့သုံးသပ်သူတဦးဖြစ်တဲ့ ISP-Myanmar ရဲ့ ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက “ဒါကတော့ ဟို အစောပိုင်းကတည်းက ဝိဝါဒ ကွဲပြားစရာ ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ထောက်ခံတဲ့ နိုင်ငံတွေကတော့ ထောက်ခံမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရုရှားတို့၊ တရုတ်၊ အိန္ဒိယ၊ နောက် ကျနော်တို့ အာဆီယံထဲမှာမှ အချို့သော နိုင်ငံတွေကတော့ ထောက်ခံမှု ရှိတာပေါ့နော်။ ဆိုတော့ မထောက်ခံချင်တဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ဝေဖန်နေတဲ့ နိုင်ငံတွေလည်း ရှိတယ်။ တခုရှိတာက လာမဲ့ အစိုးရသစ်က ဘယ်လောက် ပြုပြင်ပြောင်းလဲရေး လုပ်နိုင်မလဲ၊ ဘယ်လောက်ထိ ကျနော်တို့ ပြည်သူလူထုအကျိုး လုပ်နိုင်မလဲပေါ့နော်။ ဒီအပေါ်မှာတော့ မူတည်ပါလိမ့်မယ် ထင်တယ်” လို့ ပြောပါတယ်။
အမေရိကန်၊ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) က မြန်မာစစ်တပ်ရဲ့ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် မြန်မာနိုင်ငံကို အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် သတ်မှတ်ချက် ထုတ်ပြန်ထားပြီး ကော်မရှင်က သတင်းအချက်အလက် စုံစမ်းတာတွေ လုပ်နေပါတယ်။
ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုနဲ့အတူ အတုအယောင် ရွေးကောက်ပွဲကတဆင့် ပေါ်ပေါက်လာတဲ့ ဘယ်အစိုးရကိုမဆို တရားဝင်အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားတာ ရှိပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုထင်ကျော်အေးက “နိုင်ငံတကာရဲ့ တုံ့ပြန်မှုအနေနဲ့ ဆိုလို့ရှိရင် အရင်က ထောက်ခံခဲ့တဲ့သူတွေကပဲ သူ့ကို ဆက်ပြီးတော့ ထောက်ခံနေဦးမှာ ဖြစ်ပြီးတော့ အရင်က မထောက်ခံတဲ့သူတွေကလည်း ဆက်ပြီးတော့ မထောက်ခံဘဲ ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါက ဒီကြားထဲမှာ ထူးခြားတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ မဖြစ်သရွေ့ ဒီဟာက အပြောင်းအလဲ ရှိမယ်လို့ မထင်ပါဘူး။ သူ သမ္မတ ဖြစ်လာခြင်း မဖြစ်လာခြင်းကလည်း ဘာမှ အပြောင်းအလဲ ဖြစ်မယ်လို့တော့ မထင်ပါဘူး” လို့ ပြောပါတယ်။
စစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် အင်ဒိုနီးရှားနိုင်ငံမှာ အမှုဖွင့်ပြီး ဧပြီလထဲမှာ တရားစွဲမှု လုပ်ငန်းစဉ်တွေ စတင်နေပြီ ဖြစ်ပါတယ်။
ဒီအမှုကလည်း အာဆီယံရဲ့ မူဝါဒ သဘောထားတွေကို ပြောင်းလဲလာစေဖို့ ရည်ရွယ်ကြောင်း တရားစွဲဆိုမှုမှာ ပါဝင်တဲ့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ယက်စမင်းအူလာက DVB နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ရိုဟင်ဂျာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ယက်စမင်းအူလာက “မြန်မာစစ်အုပ်စုဟာ အချိန်အတော်ကြာ အာဏာကို ချုပ်ကိုင်ထားခဲ့ပြီး အခုဆိုရင် မင်းအောင်လှိုင်က သမ္မတနေရာကို အတင်းအဓမ္မ ရယူထားပါတယ်။ ဒါဟာ အတုအယောင် ရွေးကောက်ပွဲကနေတဆင့် ရယူခဲ့တာမို့ တရားဝင်မှု လုံးဝမရှိပါဘူး။ အရင်က စစ်အာဏာရှင်တွေ လုပ်ခဲ့သလိုပဲ သူက အခု ယူနီဖောင်းလဲလိုက်တာပါ။ ဒါဟာ အာဆီယံဒေသတွင်း ကျူးလွန်သူတွေကို အရေးယူဖို့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အာဆီယံဟာ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရဘူးဆိုတဲ့ မူဝါဒကြောင့် ဘာမှ မပြောင်းလဲဘူး၊ ဘာမှ မလုပ်နိုင်ဘူးလို့ ပြောစရာတွေ ရှိနေပေမဲ့ လူမျိုးတုံးသတ်ဖြတ်မှုလို ကိစ္စမျိုးတွေကို တားဆီးဖို့အတွက် ဆိုရင်တော့ ဒီ ‘ဝင်မစွက်ဖက်ရေး’ ဆိုတဲ့ ကန့်သတ်ချက်ကို ကျော်လွှားရပါလိမ့်မယ်” လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ဆီ အဆိုပြုမှုတွေကို ဗြိတိန်အမတ်တွေ အားခွန်သွန်စိုက် လုပ်နေတာ ရှိသလို စစ်ခေါင်းဆောင်အနေနဲ့ သမ္မတရာထူး ရယူလိုက်ရုံနဲ့ သူကျူးလွန်ထားတဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေအတွက် အရေးယူခံရမဲ့အရေးကနေ ကင်းလွတ်ခွင့်ရမှာ မဟုတ်ဘူးလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က စစ်ခေါင်းဆောင်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့တဲ့ ဧပြီ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဝေဝေ











