DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒကင်းလွတ်ရေး ကြိုးပမ်းရန် ကေအန်ယူ ခေါင်းဆောင် တိုက်တွန်း
DVB
·
January 31, 2022
စစ်အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒကင်းလွတ်ရေး ကြိုးပမ်းရန် ကေအန်ယူ ခေါင်းဆောင် တိုက်တွန်း
1 / 2
Donate to DVB

စစ်အာဏာရှင်စနစ်အပြင် လူမျိုးကြီးဝါဒနဲ့ အာဏာရှင်မှန်သမျှကို အပြီးတိုင် ချုပ်ငြိမ်းပြီး ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ အစစ်အမှန်ကို တည်ထောင်နိုင်ရေး ကရင်အမျိုးသားတွေ၊ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတဝန်းပြည်သူလူထုရပ်လုံး ကြိုးပမ်းဆောင်ရွက်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)  ဥက္ကဋ္ဌက  တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၇၃ ကြိမ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့အတွက်  ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်း ပြောကြားလိုက်တာပါ။

ကရင်အမျိုးသားရေး ရည်မှန်းချက်တွေကို နိုင်ငံရေးနည်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ဖို့  ဦးဆောင်မှုပေးဖို့   ၁၉၄၇ ခု ဖေဖော်ဝါရီ ၅ ရက်မှာ ကရင်အမျိုသားအစည်းအရုံးကို တည်ထောင် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အုပ်ချုပ်သူတွေရဲ့ စစ်ရေးအရ အကြမ်းဖက်တဲ့နည်းအပြင် စစ်ရေး ပဋိပက္ခကိုသာ နည်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ဖန်တီးခဲ့တဲ့အတွက် ကရင်အမျိုးသားတွေရဲ့ နိုင်ငံရေး ရပ်တည်ချက် ကရင်အမျိုးသားအပြင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ဖို့ ၁၉၄၉ ခု ဇန်နဝါရီ ၃၁ ရက်မှာ လက်နက်ကိုင် ခုခံတော်လှန်ရေးကို စတင်ဆင်နွှဲလာတာဖြစ်ပါတယ်။

ကေအန်ယူအနေနဲ့ ၂၀၁၂ ခုမှာ အုပ်ချုပ်သူအစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာကြကာ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောင်နိုင်ရေးအတွက် ၂၀၁၅ ခုနှစ်မှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်ပါ သဘောတူညီချက်အတိုင်း တန်းတူရေးနဲ့ အပြန်အလှန်အသိအမှတ်ပြုရေးကို အကောင်အထည်ဖော် ဆောင်နိုင်ခြင်းမရှိခဲ့ဘူးလို့ သဝဏ်လွှာမှာ ပါရှိပါတယ်။

ဒါ့အပြင် ၂၀၂၁ ခု ဖေဖော်ဝါရီမှာ မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေက ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့်ရှိ နိုင်ငံအကြီးအကဲတွေကို မဲမသာမှုနဲ့ စွပ်စွဲ၊ ထောင်ချဖမ်းဆီးတာနဲ့ နိုင်ငံရဲ့အာဏာကို အတင်းအဓမ္မထိန်းသိမ်းရယူတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွေဖယ်နေပြီး နိုင်ငံတဝန်းရှိ  ပြည်သူတွေ နိုင်ငံ့ဝန်ထမ်းတွေက လက်မခံတဲ့အတွက် အာဏာသိမ်းမှုကို ဆန့်ကျင် တွန်းလှန်ခဲ့ကြပါတယ်။

ပြည်သူတွေက အေးချမ်းစွာ အာဏာသိမ်းမှုကို  ဆန့်ကျင်ဆန္ဒပြခဲ့ပေမဲ့ စစ်တပ်က ဆန္ဒပြသူတွေ အပြင် အပြစ်မဲ့ ပြည်သူတွေကို အကြမ်းဖက် နှိပ်စက်ရိုက်နှက်မှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့တာကြောင့် နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းအပြင် လူငယ်လူရွယ်တွေဟာ တိုင်းရင်းသားခုခံတော်လှန်ရေးနယ်မြေသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး တချိုမှာ ကေအန်ယူနယ်မြေကို ဝင်ရောက်ခိုလှုံခဲ့ကြပါတယ်။

စစ်အာဏာရှင်တွေကို နိုင်ငံရေးနဲ့ စစ်ရေးလမ်းစဉ်တွေနဲ့  ခုခံတော်လှန်နေကြပြီး နေရာဒေသ အသီးသီးမှာ အမျိုးသားကာကွယ်ရေးတပ်အဖွဲ့ (PDF) အပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF) ကို ပုံစံအမျိုးမျိုးနဲ့ တည်ထောင်ကာ စစ်အာဏာရှင်နဲ့  အာဏာရှင်စနစ်မှန်သမျှ ချုပ်ရေးပြီး ဖယ်ဒရယ် ဒီမိုကရေစီ စနစ်တည်ဆောက်ရေးအတွက် လက်နက်ကိုင် ခုခံတိုက်ပွဲဝင်နေကြပါတယ်။

ကရင်အမျိုးသား ခုခံတော်လှန်ရေးရဲ့ ရည်ရွယ်ချက်ဟာ စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒကို ဖျက်သိမ်းပြီးအမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အပြည့်အဝ အာမခံချက်ပေးနိုင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ အစစ်အမှန်ကို တည်ထောင်ရေးဖြစ်ပါတယ်။

ဒီရည်မှန်းချက်ကြီးဟာ ကရင်တမျိုးသားလုံးအပြင် ကရင်အမျိုးသားအကျိုးစီးပွားအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ ကရင်အမျိုးသား အဖွဲ့အစည်းအားလုံးနဲ့ သက်ဆိုင်တဲ့အပြင် နိုင်ငံတဝန်းရှိ  လူမျိုးတိုင်းရဲ့ ရည်မှန်းချက်တွေ၊ ကိုယ်ကျိုးစီးပွားနဲ့လည်း တိုက်ရိုက် သက်ဆိုင်နေပါတယ်။

ဒါကြောင့် ပြည်ထောင်စုကြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် တခုတည်းသောနည်းလမ်းဟာ သက်ဆိုင်ရာလူမျိုးအားလုံးအတွက် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည်အဝအာခံချက်ဖြစ်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ အစစ်အမှန်ကို တည်ထောင်ဖို့သာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောပါတယ်။  

ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်ကြရာမှာ မိမိတို့ နိုင်ငံရဲ့ ပကတိ အခြေအနေအမှန်အတိုင်း သက်ဆိုင်ရာ အခန်းကဏ္ဍတွေမှာ ကူညီပံ့ပေးဖို့လည်း ကုလသမဂ္ဂနဲ့ အာဆီယံကိုလည်း ကေအန်ယူ ခေါင်းဆောင်က  တောင်းဆိုထားပါတယ်။

ဒီနေ့ကျရောက်တဲ့ (၇၃) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွေကို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟိုဌာနချုပ်နဲ့ ကေအန်အယ်လ်အေ တပ်မဟာ ၇  ခုမှာလည်း အသီးသီးကျင်းပခဲ့ကြပါတယ်။

Photo -Saw Kapi

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013