
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှားရှိနေသေးကြောင်း ခိုင်လုံတဲ့ သက်သေပြသပေးဖို့ စစ်အာဏာရှင်ကို တိုက်တွန်းတဲ့ “Proof of life” လူထုလှုပ်ရှားမှုကို ဒေသစံတော်ချိန် မေ ၁၀ ရက်က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာမှာ ပြုလုပ်ခဲ့ပါတယ်။
Free Burma Action Committee-Northern California ဦးဆောင်တဲ့ ၂၇ ကြိမ်မြောက် နွေဦးတော်လှန်ရေး ဈေးရောင်းပွဲတော်နဲ့အတူ “Proof of life” လူထုလှုပ်ရှားမှုကို အမေရိကန်ရောက် မြန်မာနွယ်ဖွားတွေ ပြုလုပ်ခဲ့ကြတာပါ။
နိုင်ငံတကာ မိခင်များနေ့အခမ်းအနားနဲ့အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရနဲ့ လွှတ်တော်က စစ်အာဏာရှင်ကို ဖိအားပေးဖို့ လှုပ်ရှားမှုမှာပါဝင်သူတွေက မေတ္တာရပ်ခံခဲ့ကြပါတယ်။
အမေရိကန်ရောက်မြန်မာနွယ်ဖွားတွေ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ စာတစောင်ကိုလည်း အမေရိကန်အစိုးရနဲ့ လွှတ်တော်ဆီပေးပို့ဖို့ စီစဉ်နေကြပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “အမေရိကန်အမတ်တွေဆီကို ကျမတို့ တရားဝင်စာပို့တဲ့နည်းကို သုံးပြီးတော့ ကွန်ဂရက် လွှတ်တော်၊ အိမ်ဖြူတော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေကို မြန်မာပြည်အတွက် စုပေါင်းပြီးတော့ တောင်းဆိုကြဖို့ ဖြစ်ပါတယ်။ ကျမတို့စာမှာ တောင်းဆိုတယ်ဆိုတာက ငွေကြေးအထောက်အပံ့ မဟုတ်ပါဘူး၊ ကွန်ဂရက်မှာ ချမှတ်ပြီးတဲ့ မြန်မာနိုင်ငံအတွက် ဥပဒေတွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့အတွက် ကွန်ဂရက်ရဲ့အာဏာ၊ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ဆက်လက်ကြီးကြပ်ဆောင်ရွက်ပေးဖို့ တောင်းဆိုတာဖြစ်တယ်”လို့ ပြောပါတယ်။
အမေရိကန်အစိုးရနဲ့ လွှတ်တော်ဆီ ပေးပို့မဲ့စာမှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲက တင်မြှောက်ထားတဲ့ အစိုးရအတုကို အလျင်စလို အသိအမှတ်ပြုတာ၊ ဆက်ဆံတာတွေ မလုပ်ဖို့၊ အရပ်သားတွေအပေါ်မှာ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပေးဖို့တိုက်တွန်းထားပါတယ်။
ဒါ့အပြင် NUG နဲ့ တိုင်းရင်းသားတွေရဲ့ ပါဝင်ခွင့်၊ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် စစ်အာဏာရှင်အနေနဲ့ တာဝန်ယူ တာဝန်ခံမှုရှိဖို့၊ ရုရှားနဲ့ တရုတ်ရဲ့ မြန်မာပြည်သူတွေအတွက် မဟုတ်တဲ့ ပြန်လည်သင့်မြတ်ရေးမူဝါဒဟာ သူတို့ရဲ့အကျိုးစီးပွားအတွက်သာ ဖြစ်တယ်ဆိုတာကို အမေရိကန်အစိုးရက ပွင့်ပွင့်လင်းလင်းပြောပေးဖို့ စတဲ့အချက်တွေ ထည့်သွင်းအကြံပြုပါတယ်။
ကွန်ဂရက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ၂ ပါတီစလုံးရဲ့ အထောက်အပံ့ကို မြန်မာပြည်သူတွေက လိုအပ်နေတာဖြစ်ပြီး မြန်မာပြည်အတွက် ရည်ရွယ်ထားတဲ့ Burma Act ၊ BRAVE Burma Act ၊ No New Burma FundsAct ၊ Burma GAP Act တွေကို ဆက်လက်ပြီးတော့ မြင်သာအောင် ဆက်လက်ထိန်းသိမ်းပေးဖို့၊ အစိုးရအုပ်ချုပ်ရေးပိုင်းမှာ စစ်အာဏာရှင်ရဲ့ လှုပ်ရှားမှုတွေ တိတ်တဆိတ် ကျော်လွှားသွားတာမျိုးမဖြစ်အောင် လွှတ်တော်က စောင့်ကြည့်တည့်မတ်ပေးဖို့ စတဲ့အချက်တွေကိုလည်း တိုက်တွန်းထားပါတယ်။










