DVB Logo
Home
မြန်မာသတင်း
ဆောထိမြို့နယ်တိုက်ပွဲတွင် စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံ ၄၀၀ ကျော် တိမ်းရှောင်
DVB
·
January 30, 2022
ဆောထိမြို့နယ်တိုက်ပွဲတွင် စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံ ၄၀၀ ကျော် တိမ်းရှောင်
1 / 2
Donate to DVB

ကေအန်ယူ၊ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊ ခမောက်ခွင်၊ ကော်ကပ်နဲ့ မိုးဘောကျေးရွာတွေမှာ စစ်ကောင်စီရဲ့တပ်နဲ့ KNLA တပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ကျေးရွာတွင်း ပစ်ခတ်တဲ့အတွက် ဒေသခံ ၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၇ ရက် မနက် ၃ နာရီလောက်က နယ်မြေကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ ခမရ ၂၀၇ တပ်နဲ့ KNLA တပ်မဟာ ၃၊ လက်အောက်ခံ တပ်ရင်း ၃ တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကော်ကပ်ကျေးရွာအတွင်းကို ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ခမောက်ခွင်ကျေးရွာသားတစ်ဦးက “စစ်ကောင်စီက လက်နက်ကြီးတွေနဲ့  ရွာအတွင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်နေတာ။ အခုရွာမှာ ဘယ်သူမှ မနေရဲတော့ဘူး။ တိုက်ပွဲတွေက ဖြစ်နေတယ်။ ကိုယ်လွတ်ရုန်းပြေးခဲ့ရတော့ ဘာမှမပါလာဘူး။ ရွာမှာဘယ်သူမှ မရှိတော့ဘူး” လို့ ပြောပါတယ်။

ကေအန်ယူ တပ်မဟာ ၃ တောင်ငူခရိုင် ဥက္ကဋ္ဌ ပဒိုစောအယ်ဝါးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အဆိုပါနေ့  တစ်ရက်တည်းမှာပဲ  စစ်ကောင်စီရဲ့တပ်နဲ့ KNLA တပ်ဖွဲ့တို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့အတွက် အိမ်ခြေ ၄၀ သာရှိတဲ့ ကော်ကပ်ကျေးရွာမှ အမျိုးသား ၁၂၀ ဦး၊ အမျိုးသမီး ၁၃၀ ကျော်နဲ့ အိမ်ခြေ ၂၀ သာရှိတဲ့ ခမောက်ခွင်ကျေးရွာမှ အမျိုးသား ၆၀ ဦး၊ အမျိုးသမီး ၁၀၀ ကျော်တို့ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်ဘေးရှောင်ထွက်ပြေးနေရတဲ ဒေသခံတွေဟာ နှစ်ဖက်တိုက်ပွဲတွေအပြင် လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ထိတ်လန့်ကြောက်ရွှံ့ပြီး နေရပ်စွန့်ခွာကာ တောတောင်တွေထဲကို ကိုယ်လွတ်ရုန်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အတွက် လတ်တလောမှာ နေထိုင်ရေး၊ စား၀တ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ကေအန်ယူ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအတွင်းက ဒေသခံပြည်သူတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့တပ်တွေနဲ့ KNLA တပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရတာ အခုအကြိမ်အပါအဝင် ၈ ကြိမ်ရှိပြီလို့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ တပ်မဟာ ၁ ၊ ၂၊ ၃ ၊ ၄ ၊ ၅ နဲ့ ၆  နယ်မြေတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးက သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရသလို အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်ခံစားခဲ့ရတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013