
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်တပ်က သာလွန်အင်အားနဲ့ လက်နက်ကြီး၊ ဒရုန်းပစ်ကူရယူပြီး ဘက်ပေါင်းစုံကနေ စစ်ကြောင်းထိုးနေတာကြောင့် ဖလူးကျေးရွာနဲ့ မင်းလက်ပံ ကျေးရွာအနီးမှာ KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ နေ့တိုင်း ဖြစ်ပွားနေပါတယ်။
တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ရေးသတင်းရင်းမြစ်တယောက်က “မင်းလက်ပံ အခြေအနေကတော့ တက်လာလိုက် လန်ကျလိုက် ပစ်ချလိုက်ပဲ။ ပွဲကတော့ နေ့တိုင်းရှိတာပေါ့။ စစ်ကြောင်းက ဘယ်နှကြောင်းလဲ ပြောလို့တောင် မတတ်ဘူး။ ထိုးတာကနေရာစုံ ထိုးနေတာဆိုတော့။ တပ်မလည်း ဘယ်နှမလဲ လာတာကတော့ အင်အားအများကြီးပဲ။ ဖလူး မင်းလက်ပံ ဝင်လို့ရတဲ့ လမ်းကနေ သူတို့ဝင်တာ။ ဟိုအရင်ရက်ကတော့ လေကြောင်းတိုက်ခိုက်မှုရှိတယ်။ ဒီရက်ပိုင်းတော့ ဒရုန်းတိုက်ခိုက်မှု လက်နက်ကြီးတို့ ကာမီကာဇယ်တွေ အဲဒါတွေ ရှိတယ်။ သူတို့ ထိခိုက်ဒဏ်ရာရရှိတာတွေ သေဆုံးတာတွေလည်း ရှိတယ်”လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးတဲ့ အရေအတွက်နဲ့ပတ်သက်ပြီး DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဧပြီ ၁၄ ရက်နေ့ မွန်းလွဲပိုင်းလောက်က တိုက်ပွဲဖြစ်ပွားနေတဲ့ မင်းလက်ပံကျေးရွာ၊ အုန်းတောလမ်းက စစ်ရှောင်တွေရဲ့နေအိမ်တွေကို စစ်တပ်က ဒုတိယအကြိမ် ဒရုန်းနဲ့ မီးလောင်ဗုံး ကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒါအပြင် ညပိုင်းမှာ ထပ်မံပြီး မီးလောင်ဗုံး ကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
စစ်ရှောင်တယောက်က “ကြေကွဲရတယ်။ ဝမ်းနည်းရတယ်။ အခုလိုဖြစ်သွားတော့ ဒီလိုပဲ ကြည့်နေရတယ်။ အခုပဲ မြင်နေရတာ အကောင်းကြီး အခုပဲ ပြာကျသွားတာ။ ခံစားရတာပေါ့။ ကိုယ်ါအိမ်တွေက မပါသေးပေမဲ့ ကိုယ့်ပြည်သူတွေဆိုတော့ ဒီလိုပဲ ခံစားရတာပေါ့။ အိမ်တလုံးရဖို့ ဆိုတာလည်း မလွယ်လှဘူး။ ခုက ထိုင်းဘက်ကမ်းမှာ ငှားနေရတာ။ အခက်အခဲတွေ က အများကြီးပဲပေါ့။ ဒါကြောင့် ဒီစစ်ပွဲကြီးကိုလည်း မြန်မြန်ပြီးပါတော့လို့ နေ့တိုင်း ဆုတောင်းနေတယ်”လို့ ပြောပါတယ်။
မတ် ၂၈ ရက်ကလည်း ဖလူးကျေးရွာကို စစ်တပ်ဘက်က လက်နက်ကြီးအပြင် ဒရုန်းနဲ့ မီးလောင်ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်နေအိမ် ၇ လုံးထက်မနည်း မီးလောင် ပျက်စီးခဲ့ပါတယ်။
စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “အခါကြီးရက်ကြီးမှာတောင် မရှောင် အင်မတန်မှ ကမ္ဘာမှာ အကြီးတန်စေတဲ့ လုပ်ရပ်မျိုးကို စကစက ဆောင်ရွက်နေတာမျိုးလို့ ထင်တယ်။ ကျေးရွာမှာရှိတဲ့ လူနေအိမ်တွေကို သူတို့ မီးရှို့ ပစ်တယ်။ စားစရာသိုလှောင်ထားတဲ့ စပါးကျီတွေကို မီးရှို့ပစ်တယ်ဆိုတဲ့အခါကျတော့ ကျနော်တို့ ပြည်သူတွေက အရူးမီးဝိုင်းသလို ခိုကိုးရာမဲ့ဘဝ ဖြစ်နေတယ်။ သူတို့ရဲ့ ခံစားချက်က ပြောမပြလောက်အောင်ဘဲ အင်မတန်မှ ဆိုးရွားလှပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မတ် ၁၄ ရက် မနက်ပိုင်းကစပြီး စစ်တပ်က စစ်ရှောင်းစခန်းအနီးတဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် ကာမီကာဇေ အသေခံဒရုန်း ၄ စင်းနဲ့ စစ်ရှောင်ဆေးပေးခန်းကို တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ရှောင်အမျိုးသား တယောက် သေဆုံးပြီး တယောက် ပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်။
မတ် ၁၅ ရက် ည ၁၀ နာရီကျော်လောက်ကလည်း အသေခံဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။











