DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအလုပ်သမားများကိုတင်လာသည့်ကား ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
January 29, 2022
ထိုင်းတွင် မြန်မာအလုပ်သမားများကိုတင်လာသည့်ကား ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
1 / 2
Donate to DVB

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း၊ ကန်ကျနပူရီခရိုင်၊ ဆိုင်းယုတ်မြို့နယ်ထဲမှာ တရားမဝင် မြန်မာရွေ့ပြောင်းလုပ်သား ၁၀ ယောက်ကို တင်ဆောင်လာတဲ့ ကားတစ်စီး  စစ်ဆေးရေးဂိတ်မှာ ရပ်မပေးတဲ့အတွက် ထိုင်းလုံခြုံရေးက သေနတ်နဲ့လှမ်းပစ်ရာမှာ မြန်မာလုပ်သား တစ်ယောက်သေဆုံးပြီး တစ်ယောက် ပြင်းထန်စွာ ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းမှာဖော်ပြပါတယ်။

ဆိုင်းယုတ်မြို့နယ်  ဆိုင်းထောင်း - ဖူးနွဲ့ရွာကြား ကားလမ်းဘေးရှိတောထဲမှာ  ၂၈ ရက် မနက် ၁၀ နာရီခွဲလောက်က သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်း တစ်လောင်းနဲ့ ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီးတစ်ယောက်လာပစ်ထားတာတွေ့ရှိကြောင်း လူနာတင်ကားက အကြောင်းကြားတဲ့အတွက် အခင်းဖြစ်တဲ့နေရာ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုင်းယုတ်ရဲစခန်း တာဝန်ကျရဲအရာရှိက သတင်းထောက်ကို ပြောပါတယ်။

သေဆုံးသူမှာ အသက် ၂၈ နှစ်ရွယ် အောင်စိုးဖြစ်ပြီး ကျည်ဆန် လည်ပင်းမှ နဖူးကို ဖောက်ထွက်ပြီး ဦးနှောက်တွေပွင့်ထွက်နေကြောင်း ၊ လွန်ခဲ့တဲ့ ၁၀ နာရီလောက်က သေဆုံးခဲ့ဟန်ရှိတယ်လို့ ဆိုပါတယ်။

အမျိုးသမီးမှာ အသက် ၂၀ ရွယ်ရှိ မဝါဝါအောင်ဖြစ်ကာ ကျည်ဆန်က ညာဘက်ပုခုံးကိုဖောက်သွားပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် ဆိုင်းယုတ်ဆေးရုံကြီးကို ပို့ပေးခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။

ဆက်လက်စုံစမ်းစစ်ဆေးချက်အရ သူတို့တွေဟာ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာပြီး ၂၇ ရက် ည ၉ နာရီကျော်လောက်မှာတော့   စစ်ဆေးရေးဂိတ်နဲ့တွေ့ကြောင်း ၊ တာဝန်ရှိသူမှ စစ်ဆေးဖို့ တားဆီးလိုက်စဉ် ကားသမားကရပ်မပေးဘဲ မောင်းပြေးလို့အပစ်ခံရတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက အဆိုပါနေရာအနီးတဝိုက်ကို လိုက်လံရှာဖွေရာမှာတော့ တရားမဝင် မြန်မာ နောက်ထပ် ၇ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ 

မရှေးမနှောင်းမှာဘဲ မြန်မာတွေကို သယ်ဆောင်လာတဲ့ ထိုင်းလူမျိုးယာဉ်မောင်းသမား နိုင်း ဆန်ယား ကျန်ချိုင် ( ၄၁ နှစ်) က သူ့ရဲ့ အပစ်ခံရတဲ့ကားနဲ့အတူ ရဲစခန်းကို လာရောက်အဖမ်းခံခဲ့ပါတယ်။

သူ့ရဲ့ကားဟာလည်း M -16  သေနတ်နဲ့ ၅  ချက်အပစ်ခံရတဲ့အတွက် ကားတံခါး၊ ဘော်ဒီနဲ့ ကားနောက်ဘီးပါ ပေါက်ထွက်ပြီး ကားနောက်ခန်းဘက်မှာတော့ လူဦးနှောက်အသားစတွေ သွေးစတွေနဲ့ အဝတ်အစားတွေထည့်ထားတဲ့ ကျောပိုးအိတ် ၈ လုံးကိုပါ တွေ့ရှိတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အဆိုပါကားကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင် နိုင်းခုမ်းဆတ် ( ၂၇ နှစ် ) ဆိုသူကို ကျေးရွာအုပ်ချုပ်ရေးမှူးက ရဲစခန်းသို့လာရောက်ပို့ဆောင်ပေးခဲ့ပါတယ်။

နိုင်းခုမ်းဆတ်က သူဟာ  ဇန်နဝါရီ ၂၇ ရက် ည ၉ နာရီလောက်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့အတူ တာဝန်ထမ်းဆောင်စဉ် မြန်မာနယ်စပ် ပေါင့်ထိကျေးရွာဘက်ကနေ ဝင်ရောက်လာတဲ့ကားတစ်စီးကို စစ်ဆေးဖို့ လက်ပြတားဆီးခဲ့ကြောင်း၊ ကားသမားက ရပ်မပေးတဲ့အပြင် အရှိန်မြှင့်ပြီး သူ့ကိုဝင်တိုက်လို့ အလျင်အမြန်တိမ်းရှောင်ခဲ့ရကြောင်း ၊ အဲဒီနောက် အဆိုပါကားနောက်ကို သေနတ်နဲ့ ၅ ချက်လှမ်းပစ်လိုက်တယ်လို့  ဖွင့်ဟဝန်ခံသွားပါတယ်။

ဆိုင်းယုတ်ရဲစခန်းက နိုင်းခုမ်းဆတ်ကို လူသေစေမှု၊ တမင်ရည်ရွယ်ပစ်ခတ်မှုစတဲ့ပြစ်မှု ၂ မှု စွဲချက်တင်ထားပြီး ကျန်တဲ့ယာဉ်မောင်းသမားနဲ့ မြန်မာလုပ်သားတွေကိုလည်း အရေးယူဖို့ ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ကန်ကျနပူရီခရိုင်ဘက်မှာ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာသူတွေ နေ့ တိုင်းလိုလို ဖမ်းဆီးရမိပြီး မနေ့ ည ၈ နာရီကလည်း ဆန်ခလပူရီမြို့နယ် လန်းတီးတံတားနားမှာ မြန်မာ  အမျိုးသား ၁၃ ယောက် အမျိုးသမီး ၇ ယောက် စုစုပေါင်း အယောက် ၂၀ ကိုဖမ်းဆီးရမိပြီး ယာဉ်မောင်းသမားကတော့ တာဝန်ရှိသူတွေစစ်ဆေးဖို့ ကားကိုရပ်ပေးလိုက်တာနဲ့ အမှောင်ထဲ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ကန်ကျနပူရီဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။

Photo- Thairath

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013