မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဇန်နဝါရီလ ၂၈ ရက်နေ့ညက မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးကာ ၅ ယောက်ထက်မနည်းဒဏ်ရာရရှိသွားတယ်လို့ Pakokku Ranger တပ်ဖွဲ့ကနေ သိရပါတယ်။
ပခုက္ကူမြိုမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို မနေ့က ည ၁၀ နာရီကျော်လောက်မှာ PKU Ranger တပ်ဖွဲ့က မိုင်း ၂ ကြိမ်ဆွဲ ပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PKU Ranger တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“PKU Ranger တပ်ဖွဲ့က စစ်ကောင်စီတပ်သားတွေကို ပထမတစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်တာဗျ။ အဲဒီမှာ ပေါက်ကွဲသံကြားပြီး လာစစ်တဲ့ စစ်ကောင်စီတပ်သားတွေကို ဒုတိယတစ်ကြိမ် ထပ်ပြီး မိုင်းဆွဲတိုက်ခိုက်တော့ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတာ” လို့ပြောပါတယ်။
စစ်ကောင်စီတပ်တွေဘက်က ပြန်လည်ပစ်ခတ်ပေမယ့် PKU Ranger တပ်ဖွဲ့က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘူးလို့လည်း ပြောပါတယ်။
ပခုက္ကူမြို့ခံတစ်ယောက်ကလည်း “ပန်းခြံနားလောက်မှာ မနေ့ည ၁၀ နာရီကျော်က ဗုံးပေါက်ကွဲသံ ၂ ကြိမ်ထက်မနည်း ကြားရတယ်ဗျ။ အဲဒီနောက်ပိုင်းမှာ သေနတ်ပစ်သံတွေ၊ အော်ဟစ်ဆဲဆိုသံတွေ ဆက်တိုက်ကြားရတယ်။ လူနာတင်းကားတွေလည်း အိမ်ရှေ့ကနေ ဖြတ်သွားတာတွေရတယ်။” လို့ပြောပါတယ်။
ပခုက္ကမြို့ အဝင်အထွက်ဂိတ်တွေနဲ့ လမ်းစုံလမ်းခွတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက တင်းကျပ် စစ်ဆေးနေတယ်လို့လည်းသိရပါတယ်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။