DVB Logo
Home
မြန်မာသတင်း
ကုလလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးဆွေးနွေး၊ ပြည်တွင်းစစ်မဖြစ်စေရေး ဦးတည်လုပ်ဆောင်ရန် တရုတ်သံအမတ် တိုက်တွန်း
DVB
·
January 29, 2022
ကုလလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးဆွေးနွေး၊ ပြည်တွင်းစစ်မဖြစ်စေရေး ဦးတည်လုပ်ဆောင်ရန် တရုတ်သံအမတ် တိုက်တွန်း
Donate to DVB

ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုမဖြစ်ပွားစေဖို့နဲ့ ပြည်တွင်းစစ် မဖြစ်စေဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ဦးတည်ကြိုးပမ်းဖို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၂၈ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးပွဲအပြီးမှာ တရုတ်သံအမတ်ကြီး ကျောင်းကျန်းက သတင်းထောက်တွေကို ပြောကြားလိုက်တာလို့  အေပီသတင်းမှာ ဖော်ပြပါတယ်။

“တချို့လူတွေဟာ အခုလိုအခြေအနေမျိုးကို မကြိုက်ကြဘူး။ ဒါပေမဲ့ ကျနော်တို့ သတိထားရမှာက   အခြေအနေပိုဆိုးမလာအောင်ရှောင်ရှားဖို့၊ အကြမ်းဖက်မှုတွေ ပိုတိုးမလာအောင် ရှောင်ဖို့၊ ပြည်တွင်းစစ်မဖြစ်အောင်ရှောင်ဖို့ဖြစ်တယ်လို့ ကျနော်ထင်တယ်”လို့ တရုတ်သံအမတ်က ပြောပါတယ်။

ဒါဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မူလဦးတည်ရည်မှန်းချက် ဖြစ်သင့်တယ်လို့လည်း ပြောပါတယ်။

မနေ့က ဒီတံခါးပိတ်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်  နိုလင်းဟေဇာ၊ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဒုတိယအကြီးအကဲတို့က လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သံတမန်တွေကို  မြန်မာ့အရေး တင်ပြဆွေးနွေးခဲ့တာပါ။

အာဆီယံအထူးသံတမန်၊ ကုလသမဂ္ဂအထူးသံတမန်နဲ့ တခြားသူတွေရဲ့ ကြိုးပမ်းအားထုတ်မှုဟာ မြန်မာနိုင်ငံအခြေအနေကို တကယ့်ကို ဆက်လက်တည်ငြိမ်လာနိုင်စေလိမ့်မယ်လို့ မျှော်လင့်တယ်လို့လည်း တရုတ်သံအမတ်ကြီးကပြောပါတယ်။ 

ဒေသတွင်းတည်ငြိမ်းအေးချမ်းရေးကို ထိခိုက်လာနိုင်တဲ့ မြန်မာနိုင်ငံအကျပ်အတည်းနဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးတဲ့ကဏ္ဍက  ပါဝင်နေသလို  အာဆီယံအဖွဲ့အနေနဲ့လည်း ဒီအရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်သင့်တယ်လို့ တရုတ်သံမတ်ကြီးက ပြောပါတယ်။

ဒါပြီ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့  မြန်မာပြည်ခရီးစဉ်မှာ ကြိုးပမ်းအားထုတ်မှုတွေကို ကြိုဆိုတဲ့အကြောင်း ဒီခရီးစဉ်ဟာ ကောင်းမွန်ပြီး အကျိုးဖြစ်ထွန်းတဲ့ ခရီးစဉ်ဖြစ်ကြောင်း နောက်ထပ် ကြိုးပမ်းအားထုတ်မှုတွေဆက်လုပ်ဖို့  တရုတ်သံအမတ်ကြီးက တောင်းဆိုပါတယ်။

မြန်မာနိုင်ငံရဲ့သမိုင်းနောက်ခံအခြေအနေ၊ ထူးခြားတဲ့နိုင်ငံရေးတည်ဆောက်ပုံ၊ နိုင်ငံရေးမှာ စစ်တပ်ရဲ့ပါဝင်မှုအခန်းကဏ္ဍနဲ့ ဒါတွေပေါ်မူတည်ပြီး အဖြေရှာရမယ်ဆိုတာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက လုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် နိုလင်းဟေဇာကို ခန့်အပ်ခဲ့တာနဲ့ပတ်သက်လို့လည်း တရုတ်သံအမတ်က ကြိုဆိုလိုက်ပြီး  ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် ဒုသံအမတ် ဂျိမ်းကာရီယူကီကတော့ ဒေါက်တာနိုလင်းဟေဇာ မကြာခင် မြန်မာနိုင်ငံသွားဖို့ ကြိုစားမှာဖြစ်တယ်လို့ပြောတယ်။

ပထမဆုံးအကြိမ်ဖြစ်  အထူးသံတမန် နှစ်ယောက်စီကနေ  ကြားနာခဲ့ရတာ လုံခြုံရေးကောင်စီအတွက်အရေးကြီးတဲ့အကြောင်း သူတို့နှစ်ယောက်ဟာ လုံခြုံရေးကောင်စီရဲ့  အပြည့်အဝထောက်ခံမှုရခဲ့တဲ့အကြောင်းပြောပါတယ်။

ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနဲ့ပတ်သက်တဲ့ သဘောတူညီမှုတွေကို ထင်ဟပ်တဲ့ ကြေညာချက်ထုတ်ဖို့ ဆောင်ရွက်နေတယ်လို့ လည်း ဗြိတိန် ဒုသံအမတ်က ပြောပါတယ်။

“ဒီကနေ့ လုံခြုံရေးကောင်စီမှာကြားနာမှုအရ  မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်က လူ ၁ သန်းလောက် အသက်ကယ်အကူအညီတွေ လိုအပ်နေရာကနေ အခုဆိုရင် လူဦးရေ ၁၄ သန်းလောက်အတွက် အသက်ကယ်အကူအညီတွေ အရေးတကြီးလိုအပ်နေပြီ”လို့ ဗြိတိန် ဒုသံအမတ် ဂျိမ်းကာရီယူကီက အေပီသတင်းဌာနကို ပြောပါတယ်။

အချိန်ကြာလာတာနဲ့အမျှ အခြေအနေပိုဆိုးလားမှာဖြစ်ပြီး မြန်မာစစ်တပ်အနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပိတ်ပင်တားမြစ်နေတာကို ရပ်တန့်ဖို့လိုအပ်တယ်၊   ကိုယ်တိုင်ပေးထားတဲ့ကတိကို လေးစားတဲ့အနေနဲ့  နောက်ထပ်အချိန်ဆွဲမနေဘဲ  အာဆီယံဘုံ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့  လည်းတိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ နော်ဝေနိုင်ငံ သံအမတ်ကြီး မိုနာဂျူးလ်ကတော့ မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွါးရေး၊ လူ့အခွင့်အရေးနဲ့ လူသားစာနာမှုဆိုင်ရာအရေးကိစ္စတွေမှာ အခြေအနေအရမ်းကိုဆိုးဝါးနေပြီး  နိုင်ငံပြိုလဲတော့မယ့် အနေထားကို ရောက်နေတာကြောင့် အထူးစိုးရိမ်တယ်လို့ တံခါးပိတ်အစည်းအဝေးမတိုင်ခင် သတင်းထောက်တွေကို ပြောပါတယ်။

စစ်တပ်အနေနဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်နေတာရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့လည်း နော်ဝေသံအမတ်က တောင်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး တနှစ်ကြာတဲ့အထိ နိုင်ငံတဝန်း ငြိမ်းချမ်းစွာဆန္ဒပြတာတွေ ဆက်ရှိနေသလို လက်နက်ကိုင်ခုခံစစ်ပွဲ ဆင်နွှဲနေသူတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ၁၁လ ကာလအတွင်း   စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူတွေ အနည်းဆုံး ၁၄၀၀ ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP  ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013