DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် ဖလက်အမြန်ရေယာဉ်များ တိုက်ခိုက်ခံရ
DVB
·
January 28, 2022
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် ဖလက်အမြန်ရေယာဉ်များ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း တမူးမြို့ စစ်ဆေးရေးဂိတ်နဲ့ ကနီမြို့နယ်အတွင်းမှာ စစ်ကောင်စီ လက်နက်နဲ့ရိက္ခာပို့ဆောင်းပေးနေတဲ့ ဖလက်အမြန်ရေယာဉ်တွေကို PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

တမူးမြို့ရှိ စစ်ဆေးဂိတ်ကို တမူး PDF က မနေ့မနက် ၁၀ နာရီလောက်မှာ တိုက်ခဲ့တယ်လို့ သိရပါတယ်‌။

တမူးမြို့ ၄ မိုင်စစ်ဆေးရေးဂိတ်အတွင်းရှိ စစ်ကောင်စီတပ်တွေကို တမူးမြို့ PDF တပ်ရင်း (၄) (TSG)၊ ဗမာ့ကျောင်းသားများအဖွဲ့အစည်း (BSO) ကျောင်းသားတပ်ဖွဲ့နှင့် ပ.က.ဖ (တမူး) ပူးပေါင်းအဖွဲ့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဇန်နဝါရီ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်

အဆိုပါ တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကျောင်းသားတပ်ဖွဲ့ဝင်တွေ နဲ့ ပ.က.ဖ အင်အားစုတွေ အထိအခိုက်မရှိဘဲ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

တမူးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာပါ။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ဆန်တက်ပြီး အထက်ပိုင်းကို ရိက္ခာနဲ့ စစ်လက်နက်တွေ ပို့ဆောင်ပေးနေတဲ့ ဖလက်အမြန်ရေယာဉ် ၈ စီးကို ကနီဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ကနီမြို့နယ်အတွင်းမှာ ဇန်နဝါရီ ၂၂ ရက်ကနေ့ ဇန်နဝါရီ ၂၇ ရက်အထိ ပစ်ခတ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲလိုပစ်ခတ်ခံနေရတာကြောင့် စစ်ကောင်စီဘက်က အကျဆုံးအထိခိုက်တွေ များပြားစွာရှိနေတယ်လို့လည်း သိရပါတယ်။

“ကျနော်တို့ ကနီနယ်ထဲရောက်တာနဲ့ သူတို့ဘက်ကစပစ်တယ်။ ကျနော်တို့မပစ်လည်း သူတို့က ကျနော်တို့မြို့နယ်ထဲက မြစ်ကမ်းဘေးနေတဲ့ရွာတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်တာ။ ပထမကတော့ ကျနော်တို့အဖွဲ့တွေနဲ့ ဒီကောင်တွေကို မပစ်ဘဲ ဟထားပေးလိုက်မယ်လို့ စိတ်ကူးထားတယ်ပေါ့။ ဒါပေမဲ့ ဒီကောင်တွေက ဘာမှမလုပ်တဲ့ မုဌေါရွာနဲ့ နတ်ကြီးရွာကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့တော့ ကျနော်တို့တတွေ သည်းခံနိုင်တဲ့ အတိုင်းအတာလွန်လို့ အခုလိုပစ်ခတ်ရတာ” လို့ ဒေသခံ PDF တစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်အတွင်း မုဌေါကျေးရွာ၊ နတ်ကြီးကျေးရွာနဲ့ မဲဒင်းကျေးရွာကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီက မီးရှို့တာကြောင့် မုဌါကျေးရွာက လူနေအိမ် ၁၀ လုံး၊ နတ်ကြီးကျေးရွာက လူနေအိမ်အလုံး ၃၀ နဲ့ မဲဒင်ကျေးရွာက ယာစောင့်တဲ ၈ လုံးအပါဝင် နေအိမ်ခေါင်မိုးသွပ်တွေကို သေနတ်နဲ့ ပစ်ခတ်‌တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ကနီဒေသတွင်း တော်လှန်ရေးအဖွဲ့ရဲ့ တပ်ရင်းမှူးတစ်ဦးက “ကျနော်တို့ ဒီနေ့ ၂၇ က်နေ့မှာလည်း ဘုမ္မဇင်းအရှေ့ရွာနဲ့ ထောက်ကြံ့ကုန်းရွာအနီးမှာ ပစ်ခတ်တာတွေလုပ်ခဲ့တယ်။ အဲဒီအကြိမ်မှာ စစ်ကောင်စီဘက်က ၁၅ ဦးကျဆုံးတယ်။ နောက်ထပ် ပဲခင်းမရွာအနီးသောင်ပြင်ထဲမှာလည်း တိုက်ပွဲတကြိမ်ထပ်ဖြစ်တယ်ဗျ။ အဲအကြိမ်မှာလည်း စစ်ကောင်စီဘက်က ၁ ဦး သေဆုံးကာ ၅ ဦးဒဏ်ရာရသွားတယ်။ ကျနော်တို့ ပြည်သူ ကာကွယ်ရေးတွေဘက်ကတော့ အကျဆုံးမရှိသေးဘူး” လို့ ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

အဆိုပါစစ်ရေယာဥ် ၈ စီးကို ကနီမြို့နယ် PDF တပ်ရင်း (၁)၊ မဟူရာနဂါးတပ်ရင်း၊မဟူရာကျားရိုင်းတပ်ဖွဲ့၊ M&K The Boys၊ KLG KaniPDF၊ ရွှေတွိဂံတပ်ရင်း ၊KPDF (1)၊ B 21 Kani PDF ၊KGF ပြောက်ကျားတပ်ဖွဲ့ ၊ ChinDwin Dragon ၊ DRPA CDDF ၊ မြွေပိုင်းတောင် PDFအဖွဲ့တွေ၊ မဟာမိတ်ညီနောင် တော်လှန်ရေးတပ်တွေနဲ့ ကနီမြို့နယ် ဒေသခံ ပ.က.ဖ အဖွဲ့တွေ တိုက်ခိုက်ခဲ့ကြတာလို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013